Spread the love

ရန်ကုန်၊ မတ် (၁)

အကသကျောင်းသား ဥက္ကဌဟောင်းတစ်ဦးဖြစ်တဲ့ ကိုအောင်မင်းခိုင်(ခ) မဲကြီး ကိုစစ်ကောင်စီရဲ့ ထောင်တွင်းတရားရုံးကနေ ပုဒ်မ၅၀၅(က) နဲ့ထောင်ဒဏ်(၃)နှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

“သူ့ကို ၁၇.၅.၂၀၂၁ ခုနှစ်ကထဲကစစ်ခွေးတွေဖမ်းသွားတာ၊ အခု(၉)လကျော်မှအမိန့်ချတာ၊ အင်းစိန်ထောင်တွင်း တရားရုံးကနေပဲ အမိန့်ချလိုက်တာ၊ (၃)နှစ်” လို့ ကိုအောင်မင်းခိုင် နဲ့အတူ ၂၀၁၅ ပညာရေးသပိတ်မှာ အတူတကွပါဝင်ခဲ့တဲ့ နိုင်ကျည်းဟောင်းတစ်ဦးက ပြောပါတယ်။

ကိုအောင်မင်းခိုင် ဟာ အကသကျောင်းသားဥက္ကဌဟောင်းတစ်ဦးဖြစ်သလို ၂၀၁၅ ပညာရေးသပိတ် မှာလည်း အသက်အငယ်ဆုံး ကျောင်းသားအဖြစ် ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ မတရားဝိုင်း ရိုက်နှက်ခံနေရတဲ့ ကိုအောင်မင်းခိုင်(ခ) မဲကြီး ဓါတ်ပုံဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေ ထင်ဟပ်စေတဲ့ ကမ္ဘာကျော်ဓာတ်ပုံတစ်ပုံ ဖြစ်ခဲ့ပါတယ်။

“၂၀၁၅ ကျောင်းသားသပိတ်မှာတုန်းက သူ့အသက်က (၁၇) လောက်ပဲရှိသေးတာ၊ သာယာဝတီထောင်ကို ကျနော်တို့နဲ့ အတူတူပါလာတယ်၊ သုံးလေးလလောက်နေတော့ သူ့ကိုအသက်မပြည့်သေးလို့ အပြင်ထုတ်ပြီး တရားရင်ဆိုင်ရတယ်၊ ကျနော်ကိုရဲတွေဝိုင်းရိုက်တဲ့ပုံက ကိုစိုင်းဇော် ရိုက်တာ၊ မဲကြီးကို ဝိုင်းရိုက်တဲ့ပုံက Reuters က ရိုက်တာ၊ အဲ့ခေတ်မှာ ဓါတ်ပုံဆုတွေ ဘာတွေရသွားတယ်” လို့ နိုင်ကျည်းဟောင်းတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာဘဲ ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုမင်းသွေးသစ် နဲ့ ကိုဝေယံဖြိုးမိုး တို့အပါအဝင် ကျောင်းသားခေါင်းဆောင်တချို့ကိုလည်း စစ်ကောင်စီက ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပါသေးတယ်။