Spread the love

ရန်ကုန်၊ မတ် (၁၂)

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ဝိုင်းဒင်ကျေးရွာအနီး မတ် (၄) ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကြောင်းမှူး မြစ်ချောင်း အပါအဝင် စုစုပေါင်း ရဲဘော် (၉) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“တော်လှန်ရေးအတွက် ပေးဆပ်ခဲ့မှုများ အနစ်နာခံခဲ့မှုများနှင့် ပေးအပ်သောတာဝန်ကို ကျေပွန်စွာ စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့မှုများအပေါ် မိမိတို့ မြိတ်မြို့နယ်၊ ပ.က.ဖ မှ အလွန်အမင်း လေးစား ဂုဏ်ယူရပါကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲလျက် စစ်ကြောင်းမှူး မြစ်ချောင်းနှင့် ရဲဘော် (၈) ဦး တို့ ကောင်းရာသုဂတိလားပါစေကြာင်း ဆုတောင်းမေတ္တာပို့သလိုက်ပါ” တယ်လို့ သူတို့အဖွဲ့က ပြောပါတယ်။

မြိတ်ပ.က.ဖ အနေနဲ့ ကျန်ရှိနေတဲ့ တော်လှန်ရေးတာဝန်တွေကို တော်လှန်ရေးအင်အားစုတွေနဲ့ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်လို့ လေးနက်စွာ ကတိသစ္စာပြုတယ်လို့ သူတို့က ပြောပြပါတယ်။

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာအနီး မတ်လ (၁၀) ရက်နေ့က ဖြတ်သန်းသွားတဲ့ စစ်ကောင်စီယာဉ်တန်းကို မြိတ်ပ.က.ဖ က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။