Spread the love

ရန်ကုန်၊ ဩဂုတ် (၈)

စစ်အုပ်စုရဲ့ အဆုံးစွန် ရက်ရက်စက်စက် ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခိုင်ရင်း စစ်အာဏာရှင်ကို လက်လျော့လိုက်ဖို့ လုံးဝ တွေးထားပုံမရတဲ့ ပြည်သူလူထုကို မြင်တွေ့ရတာ စိတ်အား တက်ရသလို တစ်ဘက်ကလည်း ငါတို့တော်လှန်ရေးကို အောင်ပွဲနဲ့အတူ မြန်မြန်အဆုံးသတ်နိုင်ဖို့ အားကုန် ရုန်းကြရမယ်ဆိုတဲ့ သန္နိဋ္ဌာန်လည်း ချမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကပြောပါတယ်။

“အခုဆိုရင် သမိုင်းတွင်မယ့် အောင်ပွဲကြီးတွေ ဆက်တိုက် ရရှိနေပြီး စစ်ကောင်စီဟာ သူတို့ရဲ့ အနိမ့်ပါးဆုံး အချိန်နဲ့ အင်အားအနည်းဆုံး အခြေအနေကို ရောက်ရှိပြီဆိုတာကိုလည်း အားလုံးသိရှိပြီး ဖြစ်မယ်ထင်ပါတယ်။” လို့ သူက ဒီနေ့မှာပြုလုပ်ခဲ့တဲ့ (၃၆) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေးဟာ ခေတ်အဆက်ဆက် ဆင်နွှဲခဲ့ကြတဲ့ တော်လှန်ရေးတွေကို အပြီးသတ် ပွဲသိမ်းကြရမယ့် အကောင်းဆုံးအချိန် ဖြစ်တယ်လို့ သူကထောက်ပြပါတယ်။

ဒီနေ့လို သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးမှာ ၁၉၈၈ အရေးတော်ပုံကြီး အပါအဝင် တော်လှန်ရေးအဆက်ဆက် ဒီမိုကရေစီ၊ ဖက်ဒရယ်နဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ သူရဲကောင်းရဲဘော်တွေ အားလုံးကိုလည်း ဒီနေရာကနေ လေးစားဂုဏ်ယူစွာ အလေးပြုအပ်ပါတယ်လို့ သူကပြောပါတယ်။

“ဒီသူရဲကောင်းတွေ မျှော်လင့်ခဲ့တဲ့ အောင်ပွဲတွေကလည်း တစထက်တစ ပိုမိုနီးကပ်လာပြီဖြစ်တာကြောင့် သူရဲကောင်းတွေအားလုံးလည်း ဒီအခြေအနေအပေါ်မှာ ကျေနပ်လိမ့်မယ် ထင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပြည်သူတစ်ရပ်လုံးနဲ့အတူ၊ မဟာမိတ်အင်အားတွေ အားလုံးနဲ့အတူ လက်တွဲညီညီ ချိတ်ဆက်လျက် ရှစ်လေးလုံး တော်လှန်စိတ်ဓါတ်ကို ယနေ့ခေတ် အင်အားတွေနဲ့ ပေါင်းစပ်ကာ စစ်အာဏာရှင်အမြစ်ပြတ်ဖို့ ဆက်လက် တိုက်ပွဲဝင်သွားမှာ” ဖြစ်တယ်လို့ သူက ကတိပြု ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *