မွန်၊ ဩဂုတ် (၁၅)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းချောင်းကျေးရွာ၊ကဒက်ချောင်းကို လာရောက် အရက်သောက်ပျော်ပါးနေတဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် (၃) ယောက်ကို အရှင်ဖမ်းဆီးရမိထားတယ်လို့ Kyaikhto Revolution Force (KRF) ဒီနေ့မှာ ပြောပါတယ်။
ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် (၇) ရက်နေ့က ကင်းလှည့်နေချိန် အရက်သောက်ပျော်ပါးနေတဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့က နယ်ထိန်း ဝင်းထက်၊ ဦးစီး (၁) ကောင်းထက်ကျော် (ခေါ်) ကျန်ကျောင်း နဲ့ ရဲတပ်သား ကြည်သာ (ခေါ်) ဖိုးအော တို့ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အခုချိန်မှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် (၃) ယောက်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အပ်နှံပြီး ဖြစ်တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ကပြောပါတယ်။
စစ်အာဏာရှင် ကျဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်သလို ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးပြီး ကာကွယ်စောင့်ရှောက်သွားမှာ ဖြစ်ပြီး ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးစေနိုင်တဲ့ ဖောက်ခွဲမှုတွေနဲ့ ပစ်ခတ်မှုတွေကို ပြုလုပ်သွားမှာ မဟုတ်ဘူးလို့ သူတို့က ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။