Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၁၉)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့၊ မေတ္တာလင်းမြိုင်နဲ့ မယ့်ထော်သလေးကြား (၅) ရက်မြောက်နေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ခွဲမှူး (၂) ဦး၊ ဒုတပ်ခွဲမှူး (၂) ဦးနဲ့ စုစုပေါင်းသေဆုံးသူ (၅၀) ဦး နီးပါးရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ PVT က အတည်ပြုရေးသားထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့ဘက်က ၆၀ မမ (၁) လက်၊ ပစ္စတို (၄) လက်၊ စနိုက်ပါ (၁) လက် ၊ MK1 (၃) လက်၊ MK2 (၃) လက် စုစုပေါင်း (၁၂) လက်၊ လက်ပစ်ဗုံး၊ ကျည်ကပ်တချို့ နဲ့ ကျည်ဆန်တွေ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

မေတ္တာလင်းမြိုင် နဲ့ မယ့်ထော်သလေးကြားမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြား တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး အခုချိန်ထိ စစ်ကောင်စီဘက်က လေယာဉ်တွေ ပျံဝဲနေဆဲဖြစ်တယ်လို့ PVT ဖော်ပြချက်အရ သိရပါတယ်။