Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၁၉)

မြန်မာတစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မနေ့က တစ်ရက်ထဲ စစ်ကောင်စီဘက်က သေဆုံးသူ (၅၆) ဦး နဲ့ ထိခိုက်ဒဏ်ရာရှိသူ (၁၉) ဦး ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က သိရပါတယ်။

မနေ့က စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီး တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ လူထုသပိတ်တိုက်ပွဲတွေက အခုလို တိုင်းဒေသကြီး အသီးသီးမှာ ဖြစ်ပွားနေတာ ဖြစ်တယ်လို့ NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလ မနေ့ကအထိ ကျဆုံးခဲ့ရသူ ပြည်သူ စုစုပေါင်း (၁၃၄၆) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ဆီက သိရပါတယ်။