Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၁၉)

မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေး ပုံမှန်အခြေအနေကို အမြန်ဆုံး ပြန်လည်ရောက်ရှိဖို့အတွက် တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အဆင့်ဆင့်ပြန်လည်ဖွဲ့စည်းရေး ဆိုင်ရာကိစ္စရပ်နဲ့ ပတ်သက်ပြီး မနေ့က ပြုလုပ်ခဲ့တဲ့ ပါတီတွင်း အစည်းအဝေးပွဲမှာ ဥက္ကဋ္ဌက အခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ပါတီစုံဒီမိုကရေစီ နိုင်ငံရေးကို အကြမ်းဖက်မှု၊ ရက်စက်မှု၊ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေကို ဥပဒေပြင်ပကနေ ဆောင်ရွက်နေတာတွေ ထာဝရချုပ်ငြိမ်းစေဖို့နဲ့ လူတစ်ဦးချင်းဆီ လုံခြုံရေးအသိ လုံခြုံရေးသတိ အမြင့်ဆုံးထားရှိရမယ်လို့ သူက ပြောကြားခဲ့ပါသေးတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဋ္ဌေးက ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၇) ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီရဲ့ (၆) ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

Covid-19 ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ နှစ်ပါတီပူးပေါင်းဆောင်ရွက်နိုင်ရေး စတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း (၇) လအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP က ပါတီဝင် (၂၅၃) ဦး အကြမ်းဖက် အသတ်ခံခဲ့ရတယ်လို့ စက်တင်ဘာ (၃) ရက်နေ့ ပါတီထုတ်ပြန်ချက်အရ သိရပါတယ်။

အကြမ်းဖက် အသတ်ခံခဲ့ရတဲ့ သူတွေနဲ့ ဒဏ်ရာရှိခဲ့သူတွေရဲ့ မိသားစုဝင်တွေကို အမြဲတမ်းထောက်ပံ့နိုင်ဖို့အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP က ထာဝရ ငွေပဒေသာပင် ပြုလုပ်ထားပါတယ်။