Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၁၉)

တိုင်ဖွန်းမုန်တိုင်း “ရိုင်” ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ အနည်းဆုံး သေဆုံးသူ (၇၅) ဦး ရှိခဲ့တယ်လို့ တရားဝင် စာရင်းဇယားတွေကို တာဝန်ရှိသူတွေက တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၉ ရက်) မှာ ပြသခဲ့ပါတယ်။

နာမည်ကြီး ခရီးသွားဒေသ ကျွန်းပြည်နယ် တစ်ခုဖြစ်တဲ့ ဘိုဟိုကျွန်း (Bohol) ရဲ့ အုပ်ချုပ်ရေးမှူး အာသူယတ် (Arthur Yap) က ကျွန်းပေါ်မှာရှိတဲ့ မြို့တော်ဝန်တွေဟာ သူတို့မြို့တွေမှာ သေဆုံးသူ (၄၉) ဦး ရှိတယ်ဆိုတဲ့ အစီရင်ခံစာကို သူတို့ရဲ့တရားဝင် Facebook စာမျက်နှာကတစ်ဆင့် ဗီဒီယိုမက်ဆေ့ချ်နဲ့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီကြေညာချက်ကြောင့် သေဆုံးသူ လူဦးရေစာရင်းဟာ အခုလို (၇၅) ဦးအထိ တိုးမြင့်လာခဲ့ရတာ ဖြစ်ပါတယ်။

မုန်တိုင်း “ရိုင်” တိုက်ခတ်ပြီးနောက် စနေနေ့အထိ သေဆုံးစာရင်းမှာ လူ (၃၃) ဦး ရှိခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဘိုဟိုကျွန်းပေါ်မှာ လူ (၁၀) ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး (၁၃) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး အာသူယတ် က ပြောကြားခဲ့ပါတယ်။

ကျွန်းပေါ်မှာ ဆက်သွယ်ရေးစနစ်တွေ ပြတ်တောက်နေတဲ့အတွက် မြို့တော်ဝန် (၄၈) ဦးထဲက (၂၁) ဦးနဲ့သာ အဆက်အသွယ်ရရှိပြီး ရေကြီးမှုဒဏ်သင့်နေတဲ့ သူတို့ ပြည်နယ်မှာ သေဆုံးသူဦးရေ ထပ်တိုးလာမှာကို စိုးရိမ်နေတယ်လို့ သူက ပြောပါတယ်။

အလယ်ပိုင်းမှာရှိတဲ့ နီဂရော့စ် အောက်ဆီဒန်တယ် (Negros Occidental) ပြည်နယ်ရဲ့ သဘာဝဘေးအန္တရာယ် အရာရှိတစ်ဦးက သူတို့ပြည်နယ်မှာ သေဆုံးသူ (၁၃) ဦး နဲ့ ပျောက်ဆုံးနေသူ (၅၀) ဦး ရှိနေပြီး သေဆုံးသူအများစုဟာ ရေနစ်သေဆုံးခဲ့တာ ဖြစ်တယ်လို့ အတည်ပြုထုတ်ပြန်ထားပါတယ်။

စူပါတိုင်ဖွန်း “ရိုင်” ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ကျွန်းစုတွေဆီကို လေတိုက်နှုန်း တစ်နာရီ မိုင် (၁၂၀) နှုန်းနဲ့ တိုက်ခိုက်ခဲ့ကာ “ရိုင်” ဟာ နေအိမ်တွေ ဓါတ်တိုင်တွေကို ဖျက်စီးခဲ့ပြီး လူပေါင်း (၃) သန်းခန့် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။

“ရိုင်” ဟာ ဖိလစ်ပိုင်နိုင်ငံမှာ ယခုနှစ်အတွင်း ဝင်ရောက်တိုက်ခတ်တဲ့ အပြင်းထန်ဆုံး မုန်တိုင်း ဖြစ်ပါတယ်။