Spread the love

ရန်ကုန်၊ ဒီဇင်ဘာ(၂၁)

မည်မျှပင်ခက်ခဲစေကာမူ နိုင်ငံသူနိုင်ငံသားတွေရဲ့ငြိမ်းချမ်းသာယာရေး၊ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ပြည်သူလူထု အာဏာပိုင်စိုးရေးတွေကို ဆက်လက် ကြိုးပမ်းလုပ်ဆောင်ကြရမှာဖြစ်ပြီး စစ်ကောင်စီဟာ အာဏာလက်ဝယ်တည်မြဲဖို့အတွက် ဉာဏ်နီဉာဏ်နက်မျိုးစုံနဲ့ အကွက်ဆင်လုပ်ဆောင်တာကိုသတိထားရမှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတက ပြောဆိုလိုက်ပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ကျင်းပပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၃၆/၂၀၂၁) မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးကာလအတွင်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်တွေ ဆက်ပြီးမဆုံးရှုံးစေဖို့၊ နွေဦးတော်လှန်ရေးအောင်မြင် မြန်ဆန်စေဖို့၊ လက်ရှိစစ်တပ်မှာတာဝန်ထမ်းဆောင်နေကြတဲ့ ပြည်ချစ်တပ်မတော်သားတွေ ပြည်သူ့ရဲတပ်ဖွဲ့တွေအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချပြီး ပြည်သူဘက်ကို ပူးပေါင်းပါဝင်ကြဖို့ သမ္မတကြီးက တိုက်တွန်းပြောဆိုခဲ့ပါသေးတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကလည်း လေးကေ့ကော်ဖြစ်စဉ်ကိုကြည့်ရင် အင်မတန် ဝမ်းနည်းစရာကောင်းကြောင်း၊ မိမိတို့နိုင်ငံအတွင်းမှာ ပြည်သူကိုအကာကွယ်ပေးရမယ့် စစ်တပ်က အာဏာကိုမက်မောပြီး ကိုယ့်နိုင်ငံသားချင်း သတ်နေတဲ့အတွက် အပြစ်မဲ့ ပြည်သူတွေမှာ ကြောက်ရွံ့ပြီး တစ်ဘက်နိုင်ငံကို ရာသီဥတုအေးအေးမှာ ရေထဲမကြောက်မရွံ့ကူးဖြတ်ပြီး ခိုလှုံနေကြရတာ၊ တောထဲမှာ ကျန်ခဲ့တဲ့သူတွေဆိုရင်လည်း ဒီဇင်ဘာလ ချမ်းချမ်းစီးစီးမှာ လေယာဉ်သံကို နားစွင့်ပြီး မြေကြီးပေါ်အိပ်နေကြ ရတာဟာ အင်မတန် ဝမ်းနည်းဖို့ ကောင်းတယ်။

လူတစ်စုရဲ့အာဏာကိုတပ်မက်တဲ့လောဘမီးဟာ အပြစ်မဲ့ပြည်သူတွေအားလုံးကို ဒုက္ခရောက်စေတာ တွေ့ရလို့ ဒီတော်လှန်ရေးကို ကျတော်တို့အားလုံး မီးကုန်ယမ်းကုန် အားထည့်ပြီး အောင်မြင်အောင်လုပ်ရမှာ ဖြစ်တတယ်လို့ ဒီနေ့ကျင်းပတဲ့ အစည်းအဝေးမှာ သူက ပြောဆိုလိုက်ပါတယ်။