Spread the love

ရန်ကုန်၊ ဒီဇင်ဘာ(၂၃)

နိုင်ငံတော်တည်ငြိမ်ရေး နဲ့ အေးချမ်းလုံခြုံရေးအတွက် အဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် တည်ငြိမ်မှု အဆင့်တစ်ခုကို ရရှိလာပြီ ဖြစ်တယ်လို့ စစ်တပ်ကအာဏာသိမ်းပြီးနောင် ခန့်အပ်လိုက်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကပြောဆိုလိုက်ပါတယ်။

မနေ့ကနေ့လည်ပိုင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက သတင်းမီဒီယာတွေနဲ့ Online ကတွေ့ဆုံချိန်မှာ သူကပြောဆိုခဲ့တာပါ။

ကိုဗစ်-၁၉ ကပ်ရောဂါဟာ ကမ္ဘာအနှံမှာ ဖြစ်ပွားနေပြီး နိုင်ငံတော်အစိုးရ နဲ့ ပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့် ကိုဗစ်-၁၉ တတိယလှိုင်းကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ပြီး အခုကာလမှာ အခြေခံကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခဲ့ကာ တက္ကသိုလ်တွေကိုလည်း မကြာခင် ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။

နိုင်ငံတော်တည်ငြိမ်ရေးနဲ့ အေးချမ်းလုံခြုံရေးအတွက်လည်း အဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဟာ တည်ငြိမ်မှု အဆင့်တစ်ခုကို ရရှိလာပြီ ဖြစ်တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာလည်း အရေးကြီးပါတယ်၊ မြန်မာနိုင်ငံအစိုးရအနေနဲ့ မိမိနိုင်ငံရဲ့ အိမ်နီးချင်း အဓိကကုန်သွယ်မှု မိတ်ဖက်တရုတ်နိုင်ငံ နဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦး စီမံကိန်းတွေကို စောစီးစွာ ပြန်လည်စတင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး အခုလို ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း မြန်မာနိုင်ငံအတွက်လိုအပ်တဲ့ ကိုဗစ်-၁၉ကာကွယ်ဆေးကို အများဆုံး ကူညီပံ့ပိုးပေးခဲ့တဲ့ တရုတ်နိုင်ငံနဲ့ ပြည်သူတွေကို နိုင်ငံတော်အစိုးရ ကိုယ်စားများစွာ ကျေးဇူးတင်ရှိ တယ်လို့ သူက ပြောပါတယ်။

မနေ့က ပြုလုပ်တဲ့ တွေ့ဆုံပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နဲ့အတူ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။