Spread the love

ရန်ကုန်၊ ဒီဇင်ဘာ(၂၃)

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပတောင်းမြို့နယ် အတွင်းမှာ ဒီနေ့မနက်ပိုင်းက ရထားသံလမ်းပေါက်ကွဲမှုဖြစ်လို့ စစ်ကောင်စီအဖွဲ့က လာရောက်စစ်ဆေးချိန် နောက်မိုင်းတစ်လုံးထပ်မံ ပေါက်ကွဲခဲ့တာကြောင့် စစ်သား(၂)ဦး မိုင်းထိမှန်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

“ကံပေါက်ရွာနားက သံလမ်းမှာပေါက်တာ၊ စစ်သားတွေ လာစစ်ချိန် နောက်ထပ်မိုင်းထပေါက်တာ၊ သူတို့ရှိလို့အနားတော့သွားမကြည့်ရဲကြဘူး၊ လူနာတင်ကားနဲ့ တင်နေတာတွေတွေ့ရတယ်” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

ကျောက်ပတောင်း-ပျဉ်းမနား ရထားလမ်း မိုင်တိုင်အမှတ် (၃၆၁/၁၁-၁၂) ကြားမှာရှိတဲ့ ရထားခုံးကျော်တံတားကို မိုင်းထောင်ဖောက်ခွဲခဲ့လို့ စစ်ကောင်စီအဖွဲ့ကလာရောက် စစ်ဆေးနေချိန် သံလမ်းမှာ ထပ်ပြီးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ မြစ်ကြီးနား စတဲ့ မြို့ကြီးတွေနဲ့ ဆက်စပ်တဲ့ မီးရထားလမ်းတွေမှာ မကြာခဏ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။