Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၂၄)

ဘုန်းကြီးအတုယောင်တွေဖန်တီးကာ သင်္ကန်းတွေကိုအသုံးချပြီး အကြမ်းဖက်မှုလုပ်ဆောင်နေတာ၊ သာသနိကအဆောက်အဦးတွေအတွင်း တပ်စွဲနေထိုင်တာတွေကို မပြုလုပ်ဖို့ သံဃသမဂ္ဂ-မန္တလေး ဆရာတော်တွေက ဒီနေ့မှာ မိန့်ကြားလိုက်ပါတယ်။

ပြည်သူ့တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းထုတ်ပြန်ချက်များအရ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဘုန်းကြီးအတုအယောင်တွေ ဖန်တီးကာ သင်္ကန်းဝတ် နဲ့ အကြမ်းဖက်တာတွေ လုပ်ဆောင်နေတယ်ဆိုတာကို ကြားသိရပြီး နိုင်ငံရေးအတွက် ဘာသာရေးကို ခုတုံးလုပ် အသုံးချနေတာတွေက မလိုအပ်တဲ့ ဘာသာရေး ပဋိပက္ခတွေကို ဖြစ်ပေါ်လာနိုင်တယ်လို့ ဆရာတော်တွေက မိန့်ကြားထားပါတယ်။

အာဏာသိမ်းစစ်တပ်က ဘုန်းကြီးအတုအယောင်တွေ ဖန်တီးပြီး သင်္ကန်းဝတ်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ သယ်ယူပို့ဆောင်တာ၊ စစ်အင်အားဖြန့်ချီတာ၊ ပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်ဆောင်နေသလို
ဘုန်းကြီးကျောင်းတိုက်တွေ၊ ဓမ္မာရုံတွေ၊ စေတီပရိဝုဏ်တွေ၊ သာသနာ့ဗိမာန်တွေ သာသနာ့နယ်မြေတွေအတွင်းမှာ တပ်စွဲနေထိုင်စားသောက်နေတာဟာ အကြမ်းဖက်မှုတွေ ကျုးလွန်နေကြတာဖြစ်တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

ဘုန်းကြီးအတုတွေဖန်တီးကာ သင်္ကန်းဝတ်တွေနဲ့ အကြမ်းဖက်လုပ်ဆောင်နေတဲ့ မည်သည့်အဖွဲ့စည်း မည်သည့်ပုဂ္ဂိုလ်က ကျူးလွန်ပါစေ၊ သာသနာအရေးမြော်တွေးပြီး လျှင်လျှင်မြန်မြန် တားမြစ်ပေးတော်မူကြဖို့ သံဃသမဂ္ဂ-မန္တလေး ဆရာတော်တွေက ဒီနေ့မှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို စာပေးပို့ တောင်းဆိုလိုက်ပါတယ်။