Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၂၄)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မှန်တော်ရွာ အကျော်မှာ မနေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ PDF (Kalay)၊ CDF (KKG) ပူးပေါင်းအဖွဲ့တွေကြား (၃) နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ People’s Defence Force(Kalay) အဖွဲ့ဆီက သိရပါတယ်။

(၃) နာရီကျော်ကြား တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့ပေမယ့် PDF (Kalay)၊ CDF (KKG) ပူးပေါင်းအဖွဲ့ အနေနဲ့ အထိအခိုက်မရှိပဲ တိုက်ပွဲအတွင်းက ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒီဇင်ဘာ (၂၃) ရက် တစ်ရက်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံး (၉၂) ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၁၁) ဦး ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် အနောက်မြောက်ပိုင်းဒေသတွေကို စစ်တပ်က အနော်ရထာစစ်ဆင်ရေးလို့ နာမည်ပေးထားတဲ့ ကြည်း၊ ရေ၊ လေ တပ်တွေဟာ လက်နက်မဲ့ သာမာန်အရပ်သားတွေကို နှိပ်စက်သတ်ဖြတ်တာ၊ နေအိမ် ပိုင်ဆိုင်မှု တွေကို မီးရှို့ဖျက်ဆီးတာ၊ စားနပ်ရိက္ခာ တွေကို ခိုင်းယူတာ နဲ့ ဖျက်ဆီးတာတွေကို ဥပဒေမဲ့ ကျူးလွန်နေတာကို အထောက်အထာားများစွာနဲ့ အတည်ပြုနိုင်ခဲ့ပြီး ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့မှာ အတည်ပြု ပြောဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်တွေက လက်နက်ကိုင် နဲ့ အရပ်သားတွေကို မခွဲခြားဘဲ နေ့တိုင်းနီးပါး လေကြောင်း တိုက်ခိုက်မှုတွေကို ပြုလုပ်နေတဲ့ မှတ်တမ်းတွေကိုလည်း ရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။