Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၂၅)

မြန်မာလူထုအပေါ် အကြမ်းဖက်မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အရေးယူနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဗြိတိသျှသံအမတ်ကြီး Pete Vowles က ဒီနေ့ (ခရစ္စမတ်နေ့) မှာ ပြောကြားလိုက်ပါတယ်။

“ခွဲခြားဆက်ဆံမှု၊ အလွဲသုံးစားခံရမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူအားလုံးနဲ့အတူ ယူကေအစိုးရက ဆက်လက်ရပ်တည်သွားမှာပါ။ ကျူးလွန်မှု‌တွေအတွက် တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံက ပြည်သူလူထုတွေဟာ အခုခရစ္စမတ်ကာလမှာ ပျော်‌ပျော်ရွှင်ရွှင်ဆင်နွှဲရမယ့်အစား စစ်တပ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်‌တွေဖြစ်တဲ့ သေကြေ ပျက်ဆီး ဆုံးရှုံးမှုတွေနဲ့သာ ရင်ဆိုင်နေကြရတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ခရစ္စမတ်ကာလဟာ စည်းလုံးညီညွတ်မှုအတွက် အချိန်အခါဖြစ်ပြီး ဗြိတိသျှသံရုံးမိသားစုဝင်အားလုံးရဲ့ကိုယ်စား အခုအခက်အခဲ ဒုက္ခတွေနဲ့ ကြုံတွေ့ခံစားနေရတဲ့ မြန်မာပြည်သူလူထုအတွက် ကိုယ်ချင်းစာကာ အခုနှစ်မှာ စစ်တပ်ရဲ့ ခွဲခြားဆက်ဆံမှုနဲ့ အလွဲသုံးစားလုပ်ခံ‌နေရတဲ့ မြန်မာနိုင်ငံတလွှားက ခရစ်ယာန်ဘာသာဝင်တွေနဲ့ တခြားဘာသာဝင်တွေအတွက် မိမိတို့ဆုတောင်းပေးနေပါတယ်လို့ သူက ပြောပါတယ်။

ဘာသာရေး အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးတာ နဲ့ အသင်းတော်ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထးပြီး အကြမ်းဖက်နေတာတွေဟာ ဘာသာရေးယုံကြည်ချက်ဖြစ်တဲ့ အခြေခံလူ့အခွင့်အရေးကို သိသာထင်ရှားစွာ ချိုးဖောက်တာဖြစ်တယ်လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။