Spread the love

ရန်ကုန်၊ဒီဇင်ဘာ (၂၈)

မြန်မာနိုင်ငံအတွင်းမှာ ဆေးဝါးထုတ်လုပ်နိုင်တဲ့ ဆေးဖက်ဝင် သစ်ပင်မျိုးစုံနဲ့ သစ်ဥသစ်ဖုတွေ အများအပြားရှိနေတဲ့အတွက် မြန်မာ့တိုင်းရင်းဆေးတွေကို ခေတ်မီနည်းပညာရပ်တွေနဲ့ ပေါင်းစပ်ထုတ်လုပ်နိုင်ဖို့ တီထွင်ကြံဆကြပါလို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။

မနေ့က ဒီဇင်ဘာ(၂၇) ရက်နေ့မှာပြုလုပ်တဲ့ တပ်မတော်သူနာပြု၊ ဆေးဘက်ပညာတက္ကသိုလ် သူနာပြု၊ ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၉)နဲ့ အမျိုးသမီးသူနာပြု၊ ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“နွယ်မြက်သစ်ပင်ဆေးဖက်ဝင် ဆိုတဲ့ ဆိုရိုးစကားအတိုင်း မြန်မာနိုင်ငံမှာ ဆေးဝါးထုတ်လုပ်နိုင်တဲ့ ဆေးဖက်ဝင် သစ်ပင်မျိုးစုံ၊ သစ်ဥသစ်ဖုတွေက ပေါက်ရောက်နေတဲ့အတွက် တာဝန်ကျရာ ဒေသအသီးသီးမှာရှိတဲ့ ဆေးဖက်ဝင်အပင်မျိုးစုံကို မိမိတို့ တတ်ကျွမ်း နားလည်ထားတဲ့ ဆေးဝါးကျွမ်းကျင်မှုဆိုင်ရာ အခြေခံကောင်းတွေကို ကောင်းမွန်မှန်ကန်စွာ အသုံးချပြီး သုတေသနလုပ်ငန်းတွေကို ကြိုးစားဆောင်ရွက် သွားကြဖို့ မှာကြားလိုပါတယ်” လို့ သူကပြောပါတယ်။

အချိန်နဲ့အမျှ ပြောင်းလဲတိုးတက်နေတဲ့ အနောက်တိုင်း ဆေးပညာရပ်တွေကို လေ့လာ ဆည်းပူးဖို့လိုအပ်သလို မြန်မာ့တိုင်းရင်းဆေး ပညာရပ်ကလည်း အများပြည်သူ အားကိုးအားထားရတဲ့ ပညာရပ်တစ်ခု ဖြစ်တဲ့အတွက် ခေတ်မီနည်းပညာရပ်တွေနဲ့ ပေါင်းစပ်ထုတ်လုပ်နိုင်ဖို့ တီထွင်ကြံဆ လုပ်ဆောင်နေဆောင်ရမှာ ဖြစ်တယ်လို့ သူက ပြောဆိုခဲ့ပါသေးတယ်။