Spread the love

ရန်ကုန်၊ ဒီဇင်ဘာ(၂၈)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၁၁၇) ရပ်ကွက်၊ ကျန်စစ်သားလမ်းမပေါ်က ရထားသံလမ်း အကူးအနီး မှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရွှေတိဂုံဘုရား တောင်ဘက်မုဒ် နဲ့ ထန်းတပင်-လှိုင်သာယာလမ်းဘေး တွေမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

“(၁၁၇)ရပ်ကွက် ရထားလမ်းကူး ရထားဇလီဗာတုံးတွေကြားမှာ ပေါက်တာ၊ လူထိတာတော့မရှိသလို သံလမ်းလည်းမပျက်စီးဘူး၊ စစ်ခွေးတွေတော့ လာစစ်သွားတယ်” လို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမှာနေထိုင်တဲ့ အမည်မဖော်လိုသူက ပြောပါတယ်။

ဒီနေ့နေ့လည် (၁) နာရီဝန်းကျင်က ရွှေတိဂုံဘုရားတောင်ဘက်မုခ်၊ ကျောက်စိမ်းဓမ္မာရုံ နဲ့ ယစ်မျိုးဓမ္မာရုံကြားမှာ မသင်္ကာဖွယ် အထုပ်တွေ့လို့ စစ်ကောင်စီအဖွဲ့က လာရောက်ရှင်းလင်းခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းမှာဘဲ ထန်းတပင်-လှိုင်သာယာလမ်းဘေးမှာ မသင်္ကာဖွယ်ရာ ပစ္စည်းတစ်ခုကို တွေ့ရှိရတဲ့အတွက် စစ်ကောင်စီအဖွဲ့က လာရောက်ရှင်းလင်းချိန် အဲ့ဒီအထုပ်အတွင်း ဘောစေ့တွေ၊ လက်လုပ်ယမ်းတွေပါရှိတဲ့ PVC ပိုက်တစ်ခု၊ (၉) ဗိုဓါတ်ခဲတစ်လုံး၊ AA ဓာတ်ခဲ သုံးလုံးနဲ့ဆားဂစ်ပြားတိုကို ဝါယာကြိုးနဲ့ ချိတ်ဆက်ထားတဲ့ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတစ်လုံးကို တွေ့ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်။