Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၂၈)

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မူသယ်ဒေသ မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တပ်အင်အားတိုးချဲ့နေလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၁) ရက်နေ့ကစတင်ကာ ဒေသခံပြည်တွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဆီက သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ စစ်ရေးလှုပ်ရှားမှုနဲ့ အင်အားတိုးချဲ့မှုတွေ ပိုမိုပြုလုပ်လာတဲ့အတွက် မူသယ်ဒေသမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့ကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်ရေးလှုပ်ရှားတာ နဲ့ စစ်အင်အားတိုးချဲ့တာတွေကို ပြုလုပ်လာတဲ့ တပ်တွေက တပ်ရင်းမှူး ရှမ်းလေးအောင် ဦးဆောင်တဲ့ ခလရ – ၃၅၁ ၊ တပ်ရင်းမှူး စိုးဇော်ထွန်း ဦးဆောင်တဲ့ ခလရ – ၁၂၄ ၊ တပ်ရင်းမှူး ထိန်လင်းအောင် ဦးဆောင်တဲ့ ခလရ – ၅၈၉ ၊ တပ်ရင်းမှူး လှိုင်ညို ဦးဆောင်တဲ့ ခလရ – ၅၉၈ ၊ ခလရ – ၄၄၀ ( ဦးဆောင်သူမသိ ) နဲ့ ဇော်ဇော်နိုင် ဦးဆောင်တဲ့ ခမရ – ၇၅ တို့ဖြစ်ပြီး သူတို့ရဲ့ တပ်ရင်း (၆) ရင်းကို ဗျူဟာမှူး မင်းထင်အောင် ကနေ ဦးစီးကွပ်ကဲနေတာဖြစ်ပြီး စုစု ပေါင်း အင်အား (၄၈၀) နီးပါးရှိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားတဲ့ နေရာတွေက မူသယ်ဒေသ အနီးအနား ကားလမ်း တစ်ဖက်က ကျေးရွာတွေဖြစ်ပြီး ပေါ်ဖေါခီး၊ စေးဘောလူ၊ ထီးပနာအေခီး၊ ခယ်ခိုကာ နဲ့ သေနွယ်ထာ ( ခေါ် ) မူသယ် စတဲ့ ကျေးရွာတွေ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင် ပုန်းအောင်းနေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၃) ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မော်တော်ယာဉ် (၁၂) စီး ပေါ်ကို စားနပ်ရိက္ခာတွေ နဲ့ မြင်းအကောင်ရေ (၁၀၀) နီးပါးကို တင်ဆောင်ပြီး သံဘို ကနေ မူတြော်ခရိုင် ကို ပို့ဆောင်ခဲ့ပါသေးတယ်။