Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၂၈)

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၁) ၊ မုံးကိုးခရိုင် မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၁၂) ဦးထက်မနည်း သေဆုံးသလို ဒေသခံ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

မုံးကိုးခရိုင်၊ ဟွာချောက်ဒေသ နဲ့ မန်ကျယ်ဒေသ ကြား နယ်မြေကျူးကျော်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်) ကြား ဒီဇင်ဘာလ (၂၆) ရက် နေ့လည်ပိုင်းကနေ ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ထိခိုက်ကျဆုံးသူ (၇) ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေ့ည (၁၀) နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်ကောင်စီ ရဲ့ စစ်ကူအဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကားတစ်စီးပျက်စီးပြီးတော့ ထိခိုက်ကျဆုံးသူ (၅) ဦးထက်မနည်း ရှိခဲ့ပါတယ်။

Phဝto- The Kokang

မုံးကိုးခရိုင် ဖောင်းဆိုင်ဒေသမှာရှိတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်) ရဲ့ မန်ရန်တပ်စခန်း နဲ့ ရှိကျိကျတောင်တန်း ကို ဒီဇင်ဘာလ (၂၄) ရက်ကနေ (၂၆) ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီးကျည် ၁၀၀ ပစ်ခတ်တဲ့အပြင် စက်သေနတ်တွေနဲ့လည်း အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုချက်မှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ (၂၅) ရက်ညကလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ မုံးကိုးခရိုင်ဖောင်းဆိုင်ဒေသ၊ ပန်းမေရွာသားတစ်ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက စတင်ပြီး ပြန်လည်ဖြစ်ပွားခဲ့တဲ့ မုံးကိုးတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားမြောက်အများ သေဆုံးခဲ့ပြီး အဲ့ဒီထဲမှာ (၁၀) အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ပါတယ်။