Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၂၉)

မြန်မာစစ်တပ်အနေနဲ့ ပြည်သူလူထုအပေါ် အကြမ်းမှုကျူးလွန်ပြီး ပြစ်ဒဏ်ကနေ ကင်းလွတ်နေတဲ့ အစဉ်အလာကို အဆုံးသတ်ဖို့ လိုအပ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် က ဒီနေ့မှာ ပြောကြားပါတယ်။

“မြန်မာပြည်သူတွေ အပေါ် စစ်တပ်ရဲ့ ကျယ်ကျယ် ပြန့် ပြန့် ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်တွေဟာ စစ်တပ်တာဝန်ရှိသူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေပြီး စစ်တပ်အနေနဲ့ ပြစ်ဒဏ်ခံရတာကနေ ကင်းလွတ်နေတဲ့ အစဉ်အလာကို အမြန် အဆုံးသတ်ဖို့ လိုအပ်နေတယ်ဆိုတာ မီးမောင်းထိုးပြနေပါတယ်” လို့ သူက ပြောပါတယ်။

ကယားပြည်နယ် နဲ့ ကရင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါး စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်အပေါ် မိမိတို့အနေနဲ့ စိုးရိမ်မိပါတယ်လို့ အန်တိုနီ ဂျေ ဘလင်ကန် ပြောကြားပါတယ်။

ကယားပြည်နယ်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က မြန်မာစစ်တပ်ရဲ့ ပြည်သူ့လူထု (၃၅) ဦး ဝန်းကျင်ကို မီးရှို့သတ်ဖြတ်တာတွေအပေါ် အမေရိကန်ပြည်ထောင်စုက ကန့်ကွက်ရှုတ်ချပါတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အပြစ်မဲ့ပြည်သူတွေနဲ့ လူသားချင်းစာနာမှုအကူအညီ ပေးအပ်နေသူတွေကို ပစ်မှတ်ထားတာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထောက်ပြပြောဆိုခဲ့ပါတယ်။

အဲ့ဒီလို့မီးရှို့သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်မှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေ နဲ့ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Save the Children အဖွဲ့က ဝန်ထမ်းနှစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ စစ်လက်နက် ပစ္စည်းတွေ၊ စစ်ဖက်/အရပ်ဖက်သုံး နည်းပညာတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ကို ရောင်းချတာတွေကို ရပ်ဆိုင်းမှသာ မြန်မာနိုင်ငံအတွင်း ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်တွေ ထပ်မံ မဖြစ်ပွားစေရေး တားဆီးတာမျိုးကိုပါ ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ပြောကြားချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ (၁) ရက် စစ်တပ်အာဏာသိမ်းတဲ့အချိန်ကစလို့ အမေရိကန်ပြည်ထောင်စု ဟာ မြန်မာစစ်တပ်၊ စစ်ခေါင်းဆောင် တွေ နဲ့ သူတို့ရဲ့ ဘဏ္ဍာရေးအကျိုးစီးပွားတွေကို ပစ်မှတ်ထားအရေးယူပိတ်ဆို့တာတွေပြုလုပ်နေသလို နိုင်ငံတကာဘဏ္ဍာရေးစနစ်အတွင်း သူတို့ဝင်ရောက်နိုင်တာတွေကိုလည်း ဟန့်တားရေးတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ရေးသားထားပါသေးတယ်။

မိမိတို့ရဲ့ မိတ်ဖက်တွေ၊ မဟာမိတ်တွေနဲ့အတူ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကို ပံ့ပိုးကူညီတာအပြင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး တိုးမြှင့်ဆောင်ရွက်တာတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အန်တိုနီ ဂျေ ဘလင်ကန်က ကတိပေးပြောကြားခဲ့ပါသေးတယ်။

အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံ ကို ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ကို ဆက်လက်တွန်းအားပေးသွားမယ် လို့ သူက ပြောပါတယ်။