Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၂၉)

မိမိကိုယ်မိမိခုခံကာကွယ်ဖို့အတွက် တပ်မတော်အနေနဲ့ အကန့်အသတ် အနည်းဆုံးအင်းအားကို အသုံးပြုပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ် ဘက်က ကရင်အမျိုးသားအစည်းအရုံး KNU ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ PDF အဖွဲ့တွေကို အခုလ ဒီဇင်ဘာ (၁၅) ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက ပြောဆိုလိုက်ပါတယ်။

“တပ်မတော်အနေနဲ့ ထုတ်ပြန်ထားတဲ့ Rule of Engagement အတိုင်း ROE နဲ့ အညီ လိုအပ်တဲ့ အင်အား ထပ်မံဖြည့်ဆည်းကာ လေကြောင်း ပစ်ကူနဲ့ ရန်သူပစ်မှတ်၊ စခန်းတွေကို ချေမှုန်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပေါင်း (၂၅) ကြိမ်ဖြစ်ပွားခဲ့တယ်” လို့ သူတို့က ပြောပါတယ်။

ထီးမယ်ခါခီး၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံ နဲ့ ဖလူးကျေးရွာ စတဲ့ နေရာတွေကို တပ်မတော်အနေနဲ့ ထိန်းချုပ်နိုင်ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

Photo- ပြန်/ဆက်

လေးကော့ကော်တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အတွက် တစ်ဖက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ အပြစ်မဲ့ပြည်သူတွေကို မိမိတို့ကျေးရွာတွေမှာ အမြန်ဆုံး ပြန်လည်အခြေချနေထိုင်နိုင်ဖို့ကို အသံချဲ့စက်နဲ့ ကရင်ဘာသာ၊ မြန်မာဘာသာ နှစ်မျိုးစလုံးကို အသုံးပြုဖိတ်ခေါ်နေတယ်လို့ စစ်ရှောင်တွေနဲ့ ပတ်သက်ပြီး ထိုင်း – မြန်မာ နယ်ခြားကော်မတီ အနေနဲ့လည်း ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ စစ်ကောင်စီရဲ့မနေ့က ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

စစ်အာဏာရှင်ရဲ့ ပြင်းထန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မိမိတို့အနေနဲ့ ရှုတ်ချတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ က ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၄) ရက်နေ့က ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာရှင်တွေအနေနဲ့ ကရင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်းမှာ အဆင်အခြင်မဲ့ တိုက်ခိုက်ခံနေတာတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ အရပ်သားပြည်သူအားလုံးကို နိုင်ငံတကာဥပဒေ နဲ့ အညီ ဘေးကင်းလုံခြုံစွာထားဖို့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက အဲ့ဒီကြေညာချက်ထည့်သွင်း တောင်းဆိုထားပါသေးတယ်။