Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၄)

အာဏာသိမ်းစစ်တပ် အနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ မတရားထိန်းသိမ်းထားသူတွေအားလုံးကို လွှတ်ပေးဖို့နဲ့ စစ်မှန်ပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ စစ်အာဏာရှင်ကို အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် ထပ်မံတောင်းဆိုလိုက်ပါတယ်။

စစ်အာဏာရှင်ရဲ့ ကြောက်မက်ဖွယ်ရာ နှိပ်စက်မှုတွေကို ခံစားနေရတဲ့တိုင် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုအတွက်မျှော်လင့်ချက်ကို မစွန့်လွှတ်ကြတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စု ရဲ့ သန္နိဋ္ဌာန်မှာ ပြောင်းလဲမှာ မဟုတ်ဘူးလို့ မြန်မာပြည်သူတွေဆီကို အမေရိကန်ပြည်ထောင်စုကိုယ်စား လွတ်လပ်ရေးနေ့ ဆုတောင်းသဝဏ်လွှာပေးပို့တဲ့ စာထဲမှာ အခုလိုရေးသားထားတာ ဖြစ်ပါတယ်။

ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့၊ လူ့အခွင့်အရေးကို လေးစာလိုက်နာဖို့နဲ့ မိမိတို့နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူလူထုကြီးကို ဂုဏ်ပြုတယ်လို့လည်း သူက ပြောပါတယ်။

ဒီနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ဟာ မြန်မာနိုင်ငံအနေနဲ့ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပေမယ့် အခုအချိန်မှာ မြန်မာပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်မှာ နေထိုင်နေရတာဖြစ်ပါတယ်။