Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၆)

မြန်မာစစ်ကောင်စီ ကို အသိအမှတ်ပြုပေးဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ကြိုးပမ်းတာတွေ ကို ကမ္ဘောဒီးယား ပြည်သူတွေက ရှုံ့ချပြေီး အဲ့လုပ်ရပ်က ကမ္ဘောဒီးယားနိုင်ငံကို ကိုယ်စားမပြုဘူးလို့ မြန်မာနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံ အရပ်ဘက်လူမှုအဖွဲ့အစည်း က သတိပေးကြေညာလိုက်ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ရဲ့ လုပ်ရပ် ဟာ အလှည့်ကျ ရရှိထားတဲ့ အာဆီယံ အခွင့်အာဏာ ကို အသုံးချတာ ဖြစ်တယ်လို့ ဇန်နဝါရီလ (၄) ရက် ပူးတွဲကြေညာချက်မှာ ရေးသားထားပါတယ်။

အာဏာရှင်စနစ် တကျော့ပြန်မလာရေး နဲ့ လူသားဆန်တဲ့ လူ့အသိုင်းအဝန်းတစ်ရပ် ဖြစ်ပေါ်လာဖို့သာ အဓိကဖြစ်ပြီး လူသားမဆန်သူ၊ လူသားကျင့်ဝတ် စောင့်စည်းတာ မရှိသူတွေအတွက် လူ့အဖွဲ့အစည်း မှာ နေရာမရှိဘူး ဒီနေ့ခေတ် လူ့အသိုင်းအဝန်းဟာ မတရားမှုကျူးလွန်သူကို သာမက မတရားမှုကို အားပေးအားမြှောက် ပြုလုပ်သူတွေကိုလည်း လက်ခံတာ မပြုကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

မြန်မာစစ်ကောင်စီဟာ အခုချိန်မှာ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာခုံရုံး တွေမှာ လူသားချင်းစာနာမှုကင်းမဲ့တဲ့ စစ်ရာဇဝတ်မှု တွေကို ကျူးလွန်ထားတဲ့ ရာဇဝတ်သားအဖြစ် စိစစ်တာတွေ ခံယူရမယ့် အကြမ်းဖက်အဖွဲ့အစည်း တစ်ခုဖြစ်ပြီး သူတို့ကို အသိအမှတ်ပြု အားပေးဖို့ ကြိုးစားပါက လူသားမျိုးနွယ်တစ်ရပ်လုံးက အကြမ်းဖက်အားပေးသူအဖြစ် ရှုံ့ချတာကို မလွဲမသွေကြုံရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

လူ့အသိုင်းအဝန်းက လက်သင့်မခံတဲ့ အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှာ သာမက ကမ္ဘာပေါ်မှာပါ ရာသက်ပန် ပျောက်ပျက်သွားစေဖို့ ဒေသတွင်း နဲ့ နိုင်ငံတကာ မိတ်ဆွေတွေအနေနဲ့ မြန်မာပြည်သူတွေ နဲ့ အတူဆက်လက်ရပ်တည်ပေးပြီး ကမ္ဘာပေါ်ရှိက စစ်အာဏာရှင်တွေရဲ့ နေ့ရက်တွေ အမြန်ဆုံးကုန်ဆုံးစေဖို့ ပြည်သူ့အရေးတော်ပုံ မှာ ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း တိုက်တွန်းပြောဆိုထားပါသေးတယ်။