Spread the love

ရန်ကုန်၊ဇန်နဝါရီ(၁၀)

သာယာလှပပြီး သယံဇတပေါကြွယ်ဝတဲ့ ကချင်ပြည်နယ် မှာ လက်နက်ကိုင် ပဋိပက္ခ တွေ အပြီးတိုင်မချုပ်ငြိမ်းသေးလို့ သဘာဝအလှတရား တွေကို အပြည့်အဝမခံစားနိုင်သေးသလို သဘာဝသဟံဇာတ တွေကိုလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် ထိထိရောက်ရောက် အသုံးမပြုနိုင်သေးဘဲ ဖြစ်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။

ဒီနေ့ ဇန်နဝါရီလ (၁၀) ရက်နေ့မှာ ကျရောက်တဲ့ (၇၄) နှစ်မြောက် ကချင်ပြည်နယ်နေ့ အတွက် ပေးပို့တဲ့သဝဏ်လွှာ ထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထည့်သွင်း ရေးသားပြောဆိုလိုက်တာဖြစ်ပါတယ်။

ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေး နဲ့ တရားဥပဒေစိုးမိုး ကို ထိရောက်အောင်မြင်နိုင်မှာသာ ငြိမ်းချမ်းရေးရဲ့ အရသာကို သိရှိခံစားပြီးဖြစ်တဲ့ ကချင်ပြည်နယ်အတွင်း နေထိုင်သူတွေအနေ နဲ့ ငြိမ်းချမ်းရေးကို အလွန်တောင်းတနေပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိလိုကြမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

အစိုးရ အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေ မထိခိုက်ဖို့ ဆောင်ရွက်နေပြီး ပြည်တွင်းပြည်ပ ပယောဂတွေ၊ မီဒီယာ တွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် NCA ငြိမ်းချမ်းရေးလမ်းကြောင်း က သွေဖယ်မသွားကြဖို့အတွက် အမျိုးသားရေးစိတ်ဓါတ် နဲ့ သတိရှိရှိ ဆောင်ရွက်ကြဖို့လိုတယ်လို့ သူကပြောဆိုခဲ့ပါသေးတယ်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားဘဲ အစိုးရ ကို ဆန့်ကျင်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်း တွေရဲ့ သွေးထိုးလှုံ့ဆော်မှု၊ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှု တွေကို တွန်းလှန်ချေမှုန်းနေတဲ့အပေါ်မှာ တိုင်းရင်းသားပြည်သူ တွေက ပူးပေါင်းဆောင်ရွက်ပေးကြဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းထားပါတယ်။

အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာ(၁၈) ရက်နေ့မှာ ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ်လာရောက်တဲ့ စစ်ခေါင်းဆောင်ကို ကချင်ပြည်သူတွေက ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့ပါသေးတယ်။