Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၁)

မြန်မာနိုင်ငံအတွင်း အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့နဲ့ ဒိန်းမတ်နိုင်ငံ က ဒိန်းမတ် ခရိုနာ (၂၅) သန်း (အမေရိကန်ဒေါ်လာ ၃ဒဿမ၈ သန်း) ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က တစ်ဆင့် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံက ပြည်သူတွေ အကူအညီအလိုအပ်ဆုံးအချိန်မှာ WFP ရဲ့ အရေးကြီးတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ ပေးရေးလုပ်ငန်းတွေမှာ ပါဝင်ပံ့ပိုးခွင့်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အလွန်ပဲဝမ်းမြောက်မိပါတယ်။ ကံအားလျော်စွာပဲ လိုအပ်ချက်တွေ ပိုမိုများပြားလာပေမယ့် ဒိန်းမတ်နိုင်ငံရဲ့ အထောက်အပံ့ဟာ တကယ့်ကိုလိုအပ်‌နေတဲ့လူတွေကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး ရဲ့ သံရုံးအကြီးအကဲ ဖြစ်သူ Mr Anders Graugaard က ပြောပါတယ်။

ဒိန်းမတ်နိုင်ငံ ရဲ့ လှူဒါန်းငွေနဲ့ ကချင်၊ ချင်း၊ ရခိုင် နဲ့ ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံအတွင်းက ပဋိပက္ခ ဒဏ် ခံစားနေရပြီး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ လူဦးရေ (၃၆၀၀၀၀) ဝန်းကျင် နဲ့ တခြားထိခိုက်လွယ်တဲ့ မိသားစုဝင်တွေကို လစဉ် အသက်ကယ်ဆယ်ရေး အကူအညီတွေ ပေးသွားမှာဖြစ်တယ်လို့ WFP ကပြောပါတယ်။

WFP အနေနဲ့ နယ်စပ်ဒေသ က ထိခိုက်လွယ်တဲ့ ပြည်သူတွေကို ပုံမှန်အထောက်အပံ့တွေ ဆက်ပေးနေပြီး သွားလာရ ခက်ခဲတဲ့ နေရာတွေဖြစ်တဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့ နဲ့ မကွေးတိုင်းဒေသကြီး၊ ကျောက်ထုမြို့နယ် က နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်သူတွေကိုလည်း ပြီးခဲ့တဲ့ အပတ်တွေက လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာ အထောက်အပံ့တွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။