Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၁)

မင်းအောင်လှိုင် ရဲ့ စစ်ကောင်စီ ဟာ မှန်ကန်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု၊ ငြိမ်းချမ်းရေး အဖြေရှာတာကို မလိုချင်ဘူးဆိုတာ မနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည်ကို (၄) နှစ် ထပ်မံ အပြစ်ချမှတ်လိုက်တာကို ကြည့်မယ်ဆိုရင် သိနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ပြည်သူလူထု ရဲ့ တော်လှန်ရေး အောင်မြင်လာလေလေ အကြမ်းဖက်စစ်အုပ်စု ဟာ ပြည်သူလူထုကို ရက်စက်ကြမ်းကြုတ်၊ သတ်ဖြတ်တာ ပြင်းထန်လာလေလေ ဖြစ်နေတာကို တွေ့ရတယ်လို့ ယာယီသမ္မတက ဒီနေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က အကြမ်းဖက်စစ်ကောင်စီ ဟာ ကျနော်တို့ ပြည်သူတွေရဲ့ စုစည်းတွန်းလှန်နေတဲ့ ခိုင်မာတဲ့ စိတ်ဓါတ်အင်အားတွေကို မယှဉ်နိုင်တာမို့ သူနိုင်မယ်ထင်တဲ့ နည်းလမ်းဖြစ်တဲ့ လေကြောင်း နဲ့ ပြည်သူတွေကို ဒုက္ခပေးနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

မဟာမိတ် EAOs တွေ PDF တွေကို ဘယ်လိုမှ မယှဉ်နိုင်တာမို့ နောက်ဆုံးနည်းလမ်းတွေသုံးပြီး ပြည်သူကို ဒုက္ခပေးနေတာဖြစ်တဲ့အတွက် ဒါကို ကျနော်တို့ ဘက်ပေါင်းစုံကနေ အတူတကွ ရင်ဆိုင်တွန်းလှန်ကြရမှာ ဖြစ်တယ်လို့ သူက အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ နဲ့ တွေ့ဆုံခဲ့ပြီး စစ်ရေးဆိုင်ရာ အခြေအနေတွေ စစ်ရှောင်ပြည်သူတွေအတွက် ကူညီထောက်ပံ့ပေးရမယ့်ကိစ္စတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီး ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သူတို့က ပြောပါတယ်။

UN နဲ့ ကမ္ဘာ့ နိုင်ငံအသီးသီးက မြန်မာနိုင်ငံ အတွက် ငြိမ်းချမ်းမှု၊ ဒေသတွင်း တည်ငြိမ်မှုကိုလိုချင်ပါက အကြမ်းဖက်စစ်ကောင်စီကို ဖယ်ရှားပြီး၊ ပြည်သူလူထုရဲ့ စိတ်ဆန္ဒ နဲ့ အညီ ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို တညီတညွတ်ထဲ မဆိုင်းမကွ အတည်ပြု ထောက်ခံအားပေး ကူညီသွားဖို့ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ က တိုက်တွန်းပြောဆိုထားပါတယ်။