Spread the love

ရန်ကုန်၊ ဇန်နဝါရီ(၁၂)

အာဏာသိမ်းစစ်တပ် က အကျည်းထောင် တွေ၊ သူ့တို့စိတ်တိုင်းကျ နေရာတွေမှာ စီစဉ်ထားတဲ့ အထူးတရားရုံး တွေ၊ သူတို့လက်အောက်ခံ တရားသူကြီးတွေနဲ့ စီရင် အမိန့်ချနေတဲ့ တရားရုံးတွေဟာ တရာဥပဒေစိုးမိုးရေး ကို ဖျက်ဆီးနေတာ လို့ ဥရောပသမဂ္ဂ ကပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို အာဏာသိမ်းစစ်ကောင်စီ အဖွဲ့က ဇန်နဝါရီလ (၁၀) ရက်နေ့ မှာ နောက်ထပ် ထောင်ဒဏ်(၄) နှစ်ချမှတ်ခဲ့တာ နဲ့ ပတ်သက်ပြီး ကန့်ကွက်တယ်လို့ ဥရောပသမဂ္ဂက မနေ့က သဘောထား ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို မတရားအမိန့် ချမှတ်လိုက်တာ နဲ့ ပတ်သက်ပြီး အဲ့ဒီတရားစီရင်မှုဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုသာဖြစ်ပြီး တရားဥပဒေစိုးမိုးရေး ဖျက်ဆီးခြင်း ကို ဦးတည်နေတဲ့ နောက်ထပ်ခြေလှမ်း ဖြစ်တယ်လို့ သဘောထားကြေညာချက်မှာ ရေးသားထားပါတယ်။

စစ်တပ်က မတရားအာဏာသိမ်းယူပြီးတဲ့နောက် NLD ပါတီဝင်တွေ၊ နိုင်ငံရေးအရ ဂုဏ်သိဏ္ခာရှိသူတွေ၊ ထင်ပေါ်ကျော်ကြားသူတွေ နဲ့ အသိပညာရှင် အတတ်ပညာတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး မတရားအမိန့်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။

“တရားစီရင်မှုတွေဟာ မြန်မာနိုင်ငံအတွင်း ဗြောင်ကျစွာ လူ့အခွင့်အရေးချိုး ဖောက်နေတာ ကို ထပ်မံမြင်သာစေပြီး ဖေဖော်ဝါရီ (၁) ရက် အာဏာသိမ်းချိန်ကစပြီး ဒီမိုကရေစီအတွက် ကြီးမားတဲ့ ဆုတ်ယုတ်မှုလည်းဖြစ်တယ်” လို့ အီးယူ က သုံးသပ်ထားပါတယ်။

အာဆီယံရဲ့ ဘုံဆုံးဖြတ်ချက် (၅) ရပ် မှာ တောင်းဆိုထားတဲ့အတိုင်း အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်ကနေ ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင် တွေကို ဖယ်ထုတ်ဖို့ ထင်ရှားတဲ့ ကြိုးပမ်းဆောင်ရွက်မှု ဖြစ်တယ်လို့ အီးယူကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးခဲ့သူတွေ နဲ့ နိုင်ငံရေးအကျည်းသား တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အီးယူ ရဲ့ ထုတ်ပြန်ချက်မှာ အတည်ပြုတောင်းဆိုထားပါတယ်။
အကျည်းထောင်၊ အကျည်းစခန်း တွေမှာ ညှင်းပန်းနှိပ်စက်တာတွေ ရှိနေသလို စစ်ကြောရေးစခန်း တွေမှာလည်း စစ်ကြောရေးအတွင်း သေဆုံးသူ (၁၀၀) ကျော်ရှိနေပြီ ဖြစ်ပါတယ်။

စစ်ကောင်စီ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း က” ဖမ်းဆီးရမှုတွေရှိရင်တော့ သက်ဆိုင်တဲ့ စစ်ဆေးမေးမြန်းမှုတွေ ရှိပါတယ်။ စစ်ဆေးမေးမြန်းမှုတွေလုပ်တဲ့အခါ လုပ်ထုံးလုပ်နည်း နဲ့ အညီ ဆောင်ရွက်နေတာ ရှိပါတယ်။ အဲ့ဒီအခါမှာ သေဆုံးမှုတွေ ရှိခဲ့တယ် ဆိုတာတော့ မငြင်းပါဘူး။ တချို့ဟာတွေ သေဆုံးမှု ရှိတဲ့အခါမှာလည်း သေမှု၊ သေခင်းဖွင့်ပြီး ရင်ခွဲစစ်ဆေးချက်လုပ်ပြီး ဥပဒေ အတိုင်း ဆောင်ရွက်နေတာ ရှိတယ်” လို့ သူက ဝန်ခံပြောဆိုထားပါတယ်။