Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၂)

ဆိုင်ကယ်ရပ်ခိုင်းတာ မရပ်ပေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မနေ့ ညပိုင်းက မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ (၅) ရပ်ကွက် အတွင်းမှာ ဆိုင်ကယ်နဲ့ သွားလာနေတဲ့ ပြည်သူနှစ်ဦးကို စစ်ကောင်စီအဖွဲ့ဝင် တွေက သေနတ်တွေ နဲ့ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံပြည်သူတွေ ဆီက သိရပါတယ်။

“အခုအဖမ်းခံရတဲ့နှစ်ယောက်က သူတို့ရှေ့ရောက် တော့ ဆိုင်ကယ်ရပ်ခိုင်းတာ ရပ်မပေးလို့ဆိုပြီး ပစ်တာတဲ့။ ၆ ချက် ၇ ချက်လောက်ရှိတယ်၊ ဆိုင်ကယ်လဲကျသွားတော့ ရိုက်နှက်ဖမ်းသွားတာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဘက်တော်သားတွေက ၆ လမ်းအတွင်းက နေအိမ်တချို့ကို ဧည့်စာရင်းလိုက်စစ်ရင်း အခုလို လူငယ်နှစ်ဦး တွေဆုံပြီး ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

“အဲလမ်းမှာ ချင်းလူမျိုး နေအိမ်တွေရှိတယ်၊ သူတို့က အိမ်ထောင်စုစာရင်းနဲ့နေတာကြာပြီ။ အဲဒါကို ဧည့်စာရင်း လိုက်စစ်နေတာ၊ အဲစာရင်း စစ်ရင်းနဲ့ ကောင်လေးနှစ်ယောက်က ဆိုင်ကယ် နဲ့ သူတို့ရှေ့ ရောက်လာတာ။ ပခုံးကိုသေနတ်ထိမှန် လဲကျသွားတဲ့အချိန် ရိုက်နှက်ဖမ်းသွားတာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ (၁၀) ရက်နေ့ ညကလည်း ပခုက္ကူမြို့၊ (၆) ရပ်ကွက် အုပ်ကြီး နဲ့ ပျူ‌စောထီး အဖွဲ့ဝင် အမျိုးသမီး ကားမောင်းလာချိန် ရပ်တန်ဖို့တားဆီးရာက အကြမ်းဖက်တပ်သား တွေ မှားယွင်းပစ်ခတ်မိတဲ့အတွက် နှစ်ယောက်စလုံး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ပျူ‌စောထီး အဖွဲ့ဝင် အမျိုးသမီးဖြစ်သူမှာ ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။