Spread the love

ရန်ကုန်၊ ဇန်နဝါရီ(၁၂)

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ နေ့စဉ်လျှပ်စစ်မီးပျက်တောက်တာတွေ ဖြစ်နေပေမယ့် အခုထက်ပိုပြီး မီးပျက်နေဦးမှာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာန က ထုတ်ပြန်လိုက်ပါတယ်။

“မီးကတော့နေ့တိုင်းပျက်နေတာပဲ၊ ဒီထက်ပိုပျက်ဦးမယ်ဆိုလည်း သိပ်မထူးပါဘူး၊ မီးမလာတဲ့ အချိန်တွေမှာ အလင်းရောင်ရရှိရေး နဲ့ ချက်ပြုတ်စားသောက်ဖို့အတွက် လူတိုင်းနီးပါးက စီစဉ်ထားပြီးသားဆိုတော့ လာလာ၊ မလာလာ သိပ်ဂရုမစိုက်ပါဘူး” လို့ မြောက်ဒဂုံမြို့နယ် မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး က ပြောပါတယ်။

၁၃၂ ကေဗွီ ဘီလူးချောင်း (၂) တီကျစ် ဓာတ်အားလိုင်း ဟာ (၂) ကြိမ်မြောက် တာဝါတိုင်တွေ ထပ်မံဖျက်ဆီးခံခဲ့ရလို့ ဘီလူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ က ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အား (၂၂၀) မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်ကို ပို့လွှတ်နိုင်တာ မရှိဘဲ ဓာတ်အား ပြတ်တောက်နေတယ် လို့ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာပါတယ်။

LNG ဓာတ်အားပေး စက်ရုံတွေ မှာ ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်နေတာကြောင့် ထုတ်လုပ်မှု (၇၅၀) မဂ္ဂါဝပ်ခန့် ကို ရပ်နားထားရပြီး စုစုပေါင်း ဓာတ်အား (၉၇၀) မဂ္ဂါဝပ်ခန့် လျော့နည်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဝန်အားထိန်းညှိမှုအရ တချို့နေရာတွေမှာ ဓာတ်အားသုံးစွဲတာများပြားတဲ့ နံနက် (၇:၀၀) နာရီက နေ့လည် (၁၁:၀၀) နာရီအတွင်း နဲ့ ည (၁၇:၀၀) နာရီက (၁၉:၀၀) နာရီ အချိန်အတွင်း ဝန်အားလျှော့ချရတဲ့အနေ နဲ့ မီးထပ်မံဖြတ်တောက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မတရား စစ်အာဏာသိမ်းခဲ့လို့ စစ်အုပ်စုအတွက် အခွန်ငွေ မရရှိစေဖို့ ပြည်သူတွေအနေ နဲ့ လျှပ်စစ်မီတာခ တွေ မပေးဆောင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းထားပေမယ့် အခွန်ငွေလိုအပ်နေတဲ့ စစ်အုပ်စုကတော့ လျှပ်စစ်မီတာခတွေ ပေးဆောင်ဖို့ ဖိအားအမျိုးမျိုးပေးနေသလို ပြည်သူတွေအတွက် လုံလောက်တဲ့ လျှပ်စစ်မီးပေးဝေမှုစနစ် မရရှိသေးပေ။

“မီတာဆောင်လည်း မီးကပျက်မှာဘဲ မဆောင်လဲပျက်မှာဘဲ ဆိုတော့ မဆောင်ပဲနေတာက ပိုအဆင်ပြေတယ်၊ အာဏာရူး လို့ တိုင်းပြည် ကမောက်ကမ ဖြစ်သွားတာ၊ ရေ၊ မီး အားလုံး ဒုက္ခတွေ့နေရတာပဲ ၊ အခုတွေ့နေရတဲ့ အခက်အခဲတွေက အာဏာရူး ခဲ့လို့ နောက်ဆက်တွဲဒုက္ခတွေ ဖြစ်တယ်” လို့ မြောက်ဒဂုံမြို့နယ် မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။