Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၃)

ညမထွက်ရအမိန့် (Curfew) သတ်မှတ်ထားတဲ့ နယ်မြေဒေသ တွေမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ အရေးပေါ်လူနာ သွားလာရေး နဲ့ ပတ်သက်ပြီးတော့ အတားအဆီးမရှိ သွားလာလို့ရအောင် လူနာပါရှိတဲ့ ကားပေါ်မှာ ဆရာဝန် (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းတစ်ဦး ပါရှိပါက ညဘက်အပြင်သွားလာခွင့်ပြုမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

“ညမထွက်ရမြို့ တွေက အရေးပေါ် သွားလာမှုနဲ့ ပတ်သက်ပြီး ညမထွက်ရမြို့ တွေကျတော့ လုံခြုံရေးအဖွဲ့အစည်းတွေကလည်း ဟိုတား ဒီတား တားမှာလည်း ကြောက်ရတယ်။ နောက်တစ်ခုကလည်း ဒီအပေါ်မှာ မဟုတ်က၊ ဟုတ်က အမြတ်ထုတ်ပြီး မဟုတ်တာ လုပ်မှာလည်း ကြောက်ရတယ်။ နှစ်ဖက်ချိန်ရတာပေါ့။ အဲ့တော့ ဒါကိုလည်း ကျွန်တော်တို့က အရေးပေါ်လူနာ သွားလာ ရေး နဲ့ ပတ်သက်ပြီးတော့ အတားအဆီးမရှိ သွားလို့ရအောင်လုပ်ရမယ်။” သူက ပြောပါတယ်။

ညဘက်မှာ အရေးပေါ်ကျန်းမာရေးကိစ္စအတွက် သွားလာတဲ့ ပြည်သူတွေကို မြို့နယ်အတွင်း (သို့မဟုတ်) မြို့နယ်ကျော်ပါက စစ်ဆေးရေးအဖွဲ့တွေက တစ်ခါတည်း စိစစ်ပြီး လိုအပ်က သွားလာ၊ ဖြတ်သန်းခွင့်ပြုမှာ ဖြစ်ပြီး စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါ တချို့နေရာတွေမှာ (၂) မိနစ်လောက်သာ ကြာနိုင်ပေမယ့် တချို့နေရာတွေမှာ စက္ကန့် (၃၀) နီးပါး ကြာတာမျိုးတွေလည်း ဖြစ်နိုင်တယ်လို့ ဒီနေ့ နေ့လည်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ OVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးမှာ သူက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“လူနာ ဆေးရုံတွေ သွားနိုင်ဖို့အတွက်။ ခင်ဗျားက လူနာပြမယ်။ ဟုတ်ပြီ/ ဆရာဝန်ပါလား။ ဒါမှမဟုတ် ကျန်းမာရေးဝန်ထမ်းပါလား။ ဟုတ်ပါတယ်ဆို ချက်ခြင်း လွှတ်လိုက်ပေါ့။ ပြီးတာပါပဲ။ မဟုတ်ဘူးလား။ လုံခြုံရေး အဖွဲ့အစည်းအချင်းချင်း Contact ရှိဖို့လိုတယ်။ အဲ့လို လုပ်လို့ရရင်လဲ ညမထွက်ရဖြစ်လာတဲ့ ကိစ္စရပ်တွေမှာလည်း ကျော်လွှားလို့ရတယ် ဆိုတာလေး ကျွန်တော်ပြောလိုပါတယ်။” သူက ပြောပါတယ်။

စစ်တပ်က မတရား အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ အတွင်းက တိုင်း နဲ့ ပြည်နယ် တချို့ကို ညမထွက်ရ အမိန့်သတ်မှတ်ထားပါတယ်။