Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၃)

ကယားပြည်နယ်၊ လွိုင်ကော်မြို့ အတွင်းက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ PDF အဖွဲ့တွေက ဂျီနီဗာကွန်ဗန်းရှင်း တွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေ တွေအရ စစ်ရာဇဝတ်မှု တွေကို ကျူးလွန်နေတာ ဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ် က ပြောပါတယ်။

KNPP နဲ့ PDF အဖွဲ့တွေဟာ အကျဉ်းသား၊ အကျဉ်းသူ ရာဂဏန်းကျော်ရှိနေတဲ့ လွိုင်ကော်အကျဉ်းထောင် ကို ရည်ရွယ်ချက်ချက်ရှိရှိ ဦးတည်တိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗန်းရှင်းတွေ နဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေ တွေအရ စစ်ရာဇဝတ်မှု (War Crime)ကျူးလွန်ရာ ရောက်ပြီး အဲ့ဒီ စစ်ရာဇဝတ်မှု တွေအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီး နဲ့ သက်ဆိုင်ရာ တည်ဆဲဥပဒေတွေ နဲ့ ထိရောက်စွာအရေးယူနိုင်ဖို့ကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ် က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ် တွေ နဲ့ တိုင်းရင်းသားတပ် တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကြား ပြီးခဲ့တဲ့ ရက်ပိုင်းကစတင်ပြီး ကယားပြည်နယ်၊ နေရာတချို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့အတွက် ဒေသခံပြည်သူတချို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

စစ်ကောင်စီက ကယားပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေရဲ့ အိုးအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အဦးတွေ မီးလောင်ပျက်ဆီးခဲ့ပါတယ်။