Spread the love

ရန်ကုန်၊ဇန်နဝါရီ(၁၃)

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့တွေက ချင်းပြည်နယ်အတွင်း သူတို့တပ်ဖွဲ့တွေ ချီတက်ရာ လမ်းကြောင်းတစ်လျှောက်မှာ CDF-Mindat အဖွဲ့တွေ ကြားဖျက်တိုက်ခိုက်မှာ ကြောက်ရွံ့တဲ့အတွက် လမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်ခြိမ်းခြောက်ခဲ့တယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။

“သူတို့စစ်ကြောင်းလာတဲ့ လမ်းတစ်လျှောက် ဘေးနားဝန်းကျင်က ရွာတွေကို လက်နက်ကြီးတွေ နဲ့ ပစ်ပြီး ချီတက်လာကြတာ၊ လူနေအိမ်တွေ အဆောက်အဦးတွေ ထိတယ်၊ ထိခိုက်ဒဏ်ရာရတာ နဲ့ သေဆုံးတာတွေရှိနိုင်တယ်၊ စာရင်းတော့ မသိရသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ ရဲ့ သံချပ်ကား (၂) စီးပါဝင်တဲ့ စစ်ကား (၈၃) စီးဟာ မင်းတပ်မြို့ ကနေ မတူပီမြို့ ကို ချီတက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ CDF-Mindat အဖွဲ့ရဲ့ ကြားဖျက်တိုက်ခိုက်တာတွေနဲ့ အကြိမ်ကြိမ်ကြုံတွေ့ပြီးတဲ့နောက်မှာ အခုလိုစစ်ကြောင်းလာရာ လမ်းတစ်လျှောက်မှာ ခြိမ်းခြောက်ပစ်ခတ်တာတွေ ပြုလုပ်လာတာဖြစ်ပါတယ်။

“သူတို့ကြောက်ပြီး ရမ်းပစ်နေတော့၊ ရွာက လူတွေထိခိုက်တယ်၊ လက်နက်ကြီး ထိမှာဆိုးပြီး သူတို့လာပြီဆိုတာ နဲ့ ရွာကလူတွေ ရှောင်ကြရတော့တာပဲ၊ ဘုရားစေတီတွေ၊ ခရစ်ယာန်ဘုရားကျောင်း တွေကိုလည်း ထိတာရှိတယ်၊ စာရင်းတော့ဘယ်သူမှ မလုပ်အားသေးဘူး၊ သူတို့လာတဲ့ လမ်းတစ်လျှောက်မှာရှိတဲ့ ရွာကလူတွေတော့အားလုံးရှောင်နေကြရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။