Spread the love

ရန်ကုန်၊ ဇန်နဝါရီ(၁၄)

တစ်နိုင်ငံလုံး အတိုင်းအတာအနေ နဲ့ ငြိမ်းချမ်းရေးရရှိမှသာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

ငြိမ်းချမ်းရေးမရရှိပါက မှန်ကန်မျှတတဲ့ ရွေးကောက်ပွဲပြုလုပ်နိုင် မှာ မဟုတ်ပါဘူး။ လက်နက်ကိုင် အဖွဲအစည်း အားလုံး ဥပဒေ နဲ့ အညီ ပါဝင်လာမှသာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ ဖြစ်တယ်၊ အခုနှစ် ၂၀၂၂ ခုနှစ်မှာ ငြိမ်းချမ်းရေးရရှိစေဖို့ အထူးအလေးထား ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ မနေ့က တနင်္သာရီတိုင်းဒေသကြီး အစည်းအဝေးပွဲမှာ သူက ပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း ရွေးကောက်ပွဲအသစ် ပြန်လည် ကျင်းပေးသွားမှာ ဖြစ်တယ်လို့ ကတိပြုထားပြီး ရွေးကောက်ပွဲ မှာ အနိုင်ရတဲ့ပါတီကို အာဏာလွှဲပြောင်းပေးသွားမှာ ဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အာဏာသိမ်းကာလ အစောပိုင်းအချိန်တွေမှာ သူက အခုလိုပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေကို ပြုလုပ်ဆောင်ရွက်နေပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေ ပါဝင်လာနိုင်ရေးကိုလည်း အလွတ်သဘော ဆွေးနွေးမှုတွေ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောပါတယ်။

“စစ်ကောင်စီက ၂၀၂၃ မှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုတာ ပြန်လည်ဆွဲဆောင် ဖြားယောင်းနေတာပါ။ စစ်အုပ်စုက ဦးဆောင်တဲ့ ရွေးကောက်ပွဲဟာ ပြည်သူလူထု ရဲ့ ဆန္ဒကို ထင်ဟပ်စေမှာ မဟုတ်သလို၊ မျှတတဲ့ရွေးကောက်ပွဲလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘယ်တုန်းကမှ မူမမှန်တဲ့ စစ်အုပ်စု ကို ယုံစားခြင်းဟာ ပြည်သူ့တော်လှန်ရေး ခြေလှမ်း ကို တွန့်ဆုတ်စေဖို့ အဖတ်တင်မှာပဲ ဖြစ်တယ်” လို့ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်း မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က အခုလို ပြောဆိုခဲ့ပါတယ်။