Spread the love

ရန်ကုန်၊ ဇန်နဝါရီ(၁၄)

အကြမ်းဖက်စစ်တပ် က ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ် ဝန်းကျင် ကို လက်နက်ကြီး ပစ်ကူတွေ နဲ့ ပစ်ခတ်ထိုးစစ်ဆင် တိုက်ခိုက်နေတာ တစ်လနီးပါးကြာမြှင့်လာပြီဖြစ်သလို မြန်မာစစ်တပ် ရဲ့ ပစ်ခတ်မှု တွေဟာ ထိုင်း-မြန်မာ နယ်စပ်မျဉ်း ကို ကျော်ဖြတ် ကျရောက်လာတဲ့အတွက် ထိုင်းအစိုးရ က နယ်စပ်လုံခြုံရေး ကို တိုးမြှင့်ဆောင်ရွက်ထားတယ်လို့ ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အကြမ်းဖက် မြန်မာစစ်တပ် က မြဝတီမြို့ တောင်ဘက် ဖလူးကျေးရွာ ကို ပစ်ခတ်တဲ့ လက်နက်ကြီး၊ လက်နက်ငယ် တွေဟာ ထိုင်းနိုင်ငံ ပိုင် မဲကိုကင်းရွာ ဘက် ကို မကြာခဏကျရောက်နေတဲ့အတွက် အခုလိုသတိပေးပစ်ခတ်တာတွေနဲ့ နယ်စပ်လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရတာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ရေးသားထားပါတယ်။

ကရင်ပြည်နယ် က တိုက်ပွဲဖြစ်ပွားနေလို့ ထိုင်နိုင်ငံအတွင်းကို လာရောက်ခိုလှုံနေသူတွေ ရှိနေသလို လက်တလောဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ် (ကယား) အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်လည်း စစ်ဘေးလာရောက် တိမ်းရှောင်သူတွေ နေ့စဉ်တိုးပွားနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

စစ်ဘေးကြောင့် တိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသ က ပြည်သူတွေကို ထိုင်းအာဏာပိုင် တွေအနေနဲ့ စစ်ပြေးဒုက္ခသည် ပြဿနာ ကို နယ်စပ်လုံခြုံရေး ကိစ္စအနေနဲ့ မရှုမြင်ဘဲ လူသားချင်းစာနာမှုအကျပ်အတည်း အဖြစ် ရှုမြင်ပြီး ဒုက္ခသည်တွေ ရဲ့ လုံခြုံရေး နဲ့ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်ရန် အတွက် အဓိကထား စဉ်းစားဆောင်ရွက်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ထိုင်း-မြန်မာနယ်စပ် မှာ အခြေစိုက်တဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့ တွေက ဇန်နဝါရီ (၁၂) ရက်နေ့မှာ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၅) ရက် နောက်ပိုင်းကစတင်ပြီး မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသ က ပြည်သူ (၁၂၀၀၀၀) ထက်မနည်း ထိုင်းနိုင်ငံ ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေပါဝင်တဲ့ စစ်ရှောင်ပြည်သူ(၂၀၀၀၀) ထက်မနည်းဟာ ဒုက္ခသည်စခန်း တွေမှာ ဆက်လက်ခိုလှုံနေကြရတာ ဖြစ်ပါတယ်။