Spread the love

ရန်ကုန်၊ဇန်နဝါရီ(၁၅)

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ မှာ နိုင်ငံသားမှတ်ပုံတင် တစ်ခုထဲနဲ့ (၂) ကြိမ်မဲပေးခဲ့သူတွေ နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဟောင်း (၂၄၈၇) ဦး ကို ဥပဒေအရ တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ စစ်ကောင်စီက ပြန်လည်ခန့်အပ်ထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က ပြောဆိုလိုက်ပါတယ်။

“တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေက မဲစာရင်းတွေကို စီစစ်လိုက်တော့ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုထဲကို မဲစာရင်း (၂) ကြိမ် (၃) ကြိမ် နဲ့ အထက်ပါဝင်နေတဲ့သူတွေကို တွေ့ရပါတယ်၊ နိုင်ငံသားစိစစ်ရေးကတ်တူ အမည်တူ မဲပေးသူပေါင်း (၂၁၆၉) ဦးကို အရေးယူနိုင်ရေး တိုင်ကြားတရားစွဲဆိုတာတွေ ဆောင်ရွက်နေပြီး ဆက်လက်ပြီးတော့ တိုက်ဆိုင်စစ်ဆေးဆဲဖြစ်တယ်” လို့ မနေ့က ဇန်နဝါရီလ(၁၄)ရက်နေ့မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ (၁၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ သူကပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ မှာ မဲမသမာမူပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဟောင်း (၂၄၈၇) ဦးကိုလည်း ဥပဒေအရ တရားစွဲဆိုသွားမှာဖြစ်တယ်လို့ သူကပြောဆိုခဲ့ပါသေးတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲ တရားမျှတမှုရှိခြင်း၊ မရှိခြင်းဆိုတာက ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ ရွေးကောက်ပွဲနေ့မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ ရွေးကောက်ပွဲ အပြီးမှာလည်း သူတို့ ပါတီတွေအနေနဲ့ သူတို့ ပါတီတွေအပိုင်း သူတို့ ဆောင်ရွက်တာပေါ့။ တိုင်တဲ့ ပါတီ တိုင်မယ်၊ မတိုင်တဲ့ပါတီ မတိုင်ဘူး။ ထောက်ခံတဲ့ပါတီ ထောက်ခံမယ်။ မထောက်ခံတဲ့ပါတီ မထောက်ခံဘူး။ ဒါ တပ်မတော် နဲ့ မဆိုင်ဘူး၊သူတို့လုပ်ငန်းတွေပဲ ” ဖြစ်တယ်လို့ အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ် အတွင်းမှာ တပ်မတော် က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ် ဇော်မင်းထွန်း က အခုလို ပြောကြားခဲ့ဖူးပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက် မနက်အစောပိုင်းမှာတော့ မဲမသမာမှု တွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က နိုင်ငံတော်အာဏာ ကို အဓမ္မလုယူခဲ့ပါတယ်။