Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၆)

စားသောက်ကုန် ပစ္စည်း တွေကို ပြည်တွင်းမှာ လုံလောက်စွာ ထုတ်လုပ်နိုင်မယ်ဆိုပါက ပြည်ပသွင်းကုန် တွေကို လျှော့ချနိုင်မှာဖြစ်တဲ့အပြင် နိုင်ငံခြားငွေသုံးစွဲမှု ကို လျှော့ချနိုင်မှာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ဟာ ဆန်ဖူလုံမှုမရှိတဲ့အတွက် စီမံကိန်းတွေ ဆောင်ရွက်ရာမှာ လယ်မြေ တွေကို အသုံးမပြုဖို့ နဲ့ မြေကိုအကျိုးရှိစွာအသုံးချဖို့ လိုအပ်တယ်လို့ မနေ့က မြိတ်ခရိုင် အတွင်း ငါးဖမ်းလုပ်ငန်း၊ ငါးပုဇွန်မွေးမြူရေးလုပ်ငန်း နဲ့ ဒေသအတွင်းအကောင်အထည်ဖော် ဆောင်ရွက်မယ့် စီမံကိန်း အစည်းအဝေးမှာ သူက အခုလို ပြောဆိုလိုက်ပါတယ်။

မြိတ်မြို့ဆိပ်ကမ်း ကို နိုင်ငံတကာအဆင့်မီဆိပ်ကမ်း တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်ပြီး တနင်္သာရီတိုင်းဒေသကြီး အတွင်းမှာ သံရိုင်း၊ ကျောက်မီးသွေး နဲ့ ထုံးကျောက် များစွာရှိတဲ့အတွက် ရေလုပ်ငန်းတစ်ခုထဲကို သာမက တခြားစက်မှုလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ရန် လိုအပ်တယ်လို့ သူက တိုက်တွန်းပြောဆိုထားပါတယ်။

မြိတ်ဒေသ အတွင်း လျှပ်စစ်မီးလုံလောက်စွာရရှိဖို့အတွက် ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းတွေ ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ကို နိုင်ငံတော်က စီမံဆောင်ရွက်နေပေမယ့် နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက်ကိုလည်း ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။