Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၆)

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မန္တလေး-ဗန်းမော်ကားလမ်း ပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ အကြမ်းဖက်စစ်တပ် အရာရှိအပါအဝင် စစ်သား (၁၅) ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်ကားတစ်စီးပျက်စီးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေဆီက သိရပါတယ်။

မနေ့က ဇန်နဝါရီ (၁၅) ရက်နေ့ မနက်ပိုင်း က ထီးချိုင့်မြို့နယ်၊ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း၊ မန္တလေး-ဗန်းမော်ကားလမ်း၊ ပေါက်နက်ရွာ အနီးမှာ အကြမ်းဖက်စစ်ကောင်စီ ယာဉ် (၄) စီး ကို ထီးချိုင့် PDF က မိုင်းဆွဲတိုက်ခိုက်ရာမှာ ကားတစ်စီး ပျက်စီး သွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ကားတွေကို တုံလုံရွာ အနီးမှာ ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ Kathar Revolution- IR က ပြောပါတယ်။

ဒုတိယအကြိမ် တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ် အရာရှိအပါအဝင် စစ်သား (၁၅) ဦး ထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တာပါ။

အကြမ်းဖက်စစ်ကောင်စီ ဘက်က လက်နက်ကြီး တွေ နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် မိမိတို့အဖွဲ့သားတွေက အထိအခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ Eagles Army က ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။