Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၀)

နေပြည်တော် မြို့တော်အတွင်းမှာ မီးလောင်ကျွမ်း တာတွေကနေ ထွက်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုကို လျော့ချသွားမှာ ဖြစ်တယ်လို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပြောပါတယ်။

ပွင့်လင်းရာသီ မှာ ဖြစ်ပေါ်လေ့ရှိတဲ့ တောမီးလောင်တာ နဲ့ တောင်ယာမီးရှို့တာ တွေကနေထွက်ရှိတဲ့ မီးခိုးမြူငွေ့နဲ့ ပြာမှုန့် တွေဟာ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတာဖြစ်တဲ့အတွက် Fire Hotspots မီးလောင်ကျွမ်းမှု များပြားနေတာတွေကို လျှော့ချသွားမယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ နယ်စပ်ဖြတ်ကျော် မီးခိုး မြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ အစည်းအဝေးပွဲမှာ သူက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

နေပြည်တော် မြို့တော်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ပေးအပ်ခဲ့တဲ့ အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ရေရှည် တည်တံ့သောမြို့ကြီးများဆု(ASEAN Environmental Sustainable Cites Award) ကို ရရှိထားပြီးဖြစ်တဲ့ အတွက် အစိမ်းရောင် မြို့တော်တွေရဲ့ အင်္ဂါရပ် နဲ့ အညီ သန့်စင်တဲ့ လေရရှိမှု၊ သန့်ရှင်းတဲ့ ရေထောက်ပံ့ပေးနိုင်မှု၊ ကောင်းမွန်တဲ့ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု အလေ့အထစတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အခြေခံ စံနှုန်းတွေကို အလေးထားလိုက်နာဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အမြဲစိမ်းလန်းသာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း တွေကို ဆောင်ရွက်ရာမှာ ပတ်ဝန်းကျင်၊ လူမှုရေး၊ စီးပွားရေး မဏ္ဍိုင်သုံးခု ဟာ ဟန်ချက်ညီညီ ပေါင်းစပ် ဆောင်ရွက်သွားရမှာ ဖြစ်တဲ့အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ မှာ ပြည်သူလူထု ပူးပေါင်းလာဖို့အတွက် အသိပညာပေးတာတွေကို လုပ်ဆောင်ရမှာဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

တောမီး နဲ့ တခြားမီးလောင်ကျွမ်းတာတွေ ဖြစ်ပေါ်လာနိုင်တဲ့ မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချနိုင်ရေး လုပ်ငန်းစဉ်တွေကို ထိရောက်စွာ အကောင်အထည်ဖို့လည်း လိုအပ်တယ်လို့ သူက တိုက်တွန်းပြောဆိုခဲ့ပါတယ်။