Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၁)

တပ်မတော် အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ အညီ ဒီမိုကရေစီလမ်းကြောင်း ပေါ်မှာသာ ဆက်လက်လျှောက်လှမ်းနေတာဖြစ်ပြီး တတ်နိုင်သမျှ ထိန်းသိမ်း ဆောင်ရွက်နေတာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

တိုင်း နဲ့ ပြည်နယ် တချို့ကို စစ်အုပ်ချုပ်ရေးအမိန့်တွေ သတ်မှတ်ရာမှာလည်း အလွန်ဆိုးရွားသည့်နယ်မြေတွေကိုသာ စစ်အုပ်ချုပ်ရေးအမိန့်တွေ သတ်မှတ်ခဲ့တာ ဖြစ်တယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး မှာ သူက အခုလို ပြောကြားခဲ့ပါတယ်။

နိုင်ငံရေးနှင့် ပတ်သက်ပြီး တပ်မတော် အနေနဲ့ စတင်တာဝန်ယူချိန်က ဆူပူမှုတွေ မရှိသလောက် နည်းပါးခဲ့ပေမယ့် ဖေဖော်ဝါရီ (၃) ရက် နောက်ပိုင်းမှာ ဆန္ဒပြမှု တွေ ပြင်းထန်လာခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ (၆၀) ရာခိုင်နှုန်းနီးပါး ဆန္ဒပြတာတွေ ဖြစ်ပေါ်ခဲ့ကာ နောက်ပိုင်းမှာ ဆန္ဒပြမှုတွေ ပြန်လည်ကျဆင်းလာခဲ့တယ်လို့ သူက ပြောဆိုလိုက်ပါတယ်။

ဆန္ဒပြတာတွေမှာ ထောက်ခံသူတွေရှိသလို ကန့်ကွက်သူတွေလည်း ရှိခဲ့ပြီး သာမန်ဆန္ဒပြတာတွေကနေ တစ်ဆင့် ဆူပူမှု၊ အကြမ်းဖက်မှု၊ ဖောက်ခွဲဖျက်ဆီးမှု နဲ့ သတ်ဖြတ်မှုတွေအထိ နောက်ပိုင်းမှာ ဖြစ်လာခဲ့တယ်လို့ သူက ပြောပါတယ်။

အုပ်ချုပ်ရေး နဲ့ ပတ်သက်ပြီး ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့် စတဲ့ အုပ်ချုပ်မှု လုပ်ငန်းတွေကို အခုထက်ပိုမိုပြီး အဆင်ပြေချောမွေ့စေဖို့အတွက် ခရိုင်အဆင့်တွေကို ထပ်မံတိုးချဲ့ဖွဲ့စည်းရေး ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ကလည်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တာဝန်ပေးအပ်ရာမှာ ပါတီနိုင်ငံရေး ကင်းစင်သူတွေဖြစ်စေဖို့အတွက် စီစဉ်ဆောင်ရွက်နေသလို အုပ်ချုပ်ရေးကဏ္ဍမှာလည်း ပါတီနိုင်ငံရေး အရောင်အသွေး ပါဝင်လာပါက လုပ်ငန်းများဆောင်ရွက်ရာမှာ အခက်အခဲရှိတယ်လို့ သူက ပြောပါတယ်။