Spread the love

ရန်ကုန်၊ဇန်နဝါရီ(၂၁)

စစ်အာဏာသိမ်းပြီးနောက် သေဆုံးခဲ့ရတဲ့ ပါတီဝင်တွေအတွက် အထိမ်းအမှတ်ကျောက်တိုင် တစ်ခုပြုလုပ်နေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ကပြောပါတယ်။

“ကျဆုံးသွားတဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသွားတဲ့ပါတီဝင်တွေရှိတယ်လေ။ ပါတီဝင်တွေအတွက် သမိုင်းမှတ်တမ်းတင်တဲ့ အထိမ်းအမှတ်ကျောက်တိုင်ပေါ့နော် ဒီကာလတွေမှာ ဒီလိုမျိုး မတရားပြုကျင့်မှုတွေကြောင့် သေဆုံးခဲ့ကြတဲ့သူတွေကို သမိုင်းမှတ်တမ်းတင် အထိမ်းအမှတ်ကျောက်တိုင် သဘာမျိုးပေါ့။ ကျွန်တော်တို့ ဒီလိုအကြမ်းဖက်မှုတွေကို အားမပေးဘူး။ အကြမ်းဖက်ကြောင့် သေဆုံးသွားပါတီဝင်တွေ ကိုလည်း ကျွန်တော်တို့က သတိတရပေါ့နော်၊ နောင်ကို ဒီလိုဖြစ်စဉ်မျိုးမရှိအောင် အစတုန်းက ဒီလိုလုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချခဲ့တယ်ဆိုတာကို သိရဖို့ပါ” လိုတယ်လို့ နေပြည်တော်သတင်းဌာန တစ်ခုနဲ့ အင်တာဗျူးချိန်မှာ သူကပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ကအာဏာသိမ်း တာကို ထောက်ခံကြိုဆိုပြီး စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်ပါဝင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်တွေ နဲ့ စစ်အာဏာရှင်ကို လက်မခံတဲ့ ပြည်သူတွေကြားမှာ တင်းမာမှုတွေ ရှိနေခဲ့တာပါ။

ကျွန်တော်တို့ပါတီက ဥပဒေဘောင်အတွင်း နေထိုင်တဲ့ ပါတီဖြစ်တယ်။ ကျွန်တော်တို့က ဥပဒေနဲ့အညီ ရပ်တည်ရတဲ့ နိုင်ငံရေးပါတီဖြစ်တဲ့အတွက်ကြောင့် လက်နက်ကိုင်ပြီး ပြန်တုံ့ပြန်ဖို့ဆိုတာကြတော့ ကျွန်တော်တို့ လုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူး။ လုပ်လည်း လုပ်သင့်တဲ့ ကိစ္စတစ်ခုမဟုတ်တဲ့အတွက် ကျွန်တော်တို့ ကိုယ့်ပါတီဝင်အချင်းချင်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိ နဲ့ နေထိုင်သင့်တယ်လို့ သူကပြောဆိုခဲ့ပါတယ်။

အခုပြုလုပ်နေတယ် အထိမ်းအမှတ်ကျောက်တိုင်ကို နေပြည်တော် မှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်အတွင်းမှာ စိုက်ထူသွားမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် (၇) လတာကာလအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင် (၂၅၃) ဦး သေဆုံးခဲ့တယ်လို့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ (၃) ရက်နေ့မှာ ပါတီက ထုတ်ပြန်ထားပါတယ်။