Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၁)

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် အတွင်းက ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီ က ပေးတဲ့ ပျူစောထီးသင်တန်း ကို တက်ရောက်ပါက ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမယ်လို့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတိပေးပြောကြားလိုက်ပါတယ်။

“ပြည်သူတွေကို ဒီလောက်ရက်ရက်စက်စက် သတ်ဖြတ်လုယက်ဖျက်ဆီးပြနေတာတောင် စခတွေ နဲ့ ပေါင်းချင်သူတွေ ရှိသေးတယ်ဗျ၊ ကျနော်တို့ ရွာက အစိမ်းအဖွဲ့တွေဆို ပျူသင်တန်းတက်မလို့တဲ့ ပြောနေတာ၊ ဦးကျော်ဆန်းရွာ(နွယ်အင်းရွာ)မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်က ရွာကမိန်းကလေးတွေကို မုဒိမ်းကျင့်တဲ့ သတင်းလဲထွက်နေတယ်။”လို့ ပုလဲမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီ က ပုလဲမြို့နယ် အတွင်းမှာ ရှိတဲ့ ပျူစောထီးတွေကို စစ်သင်တန်းပေးဖို့ ကြိုးစားနေပြီး ပြည်သူကို မျက်နှာမမူဘဲ အကြမ်းဖက် စစ်ကောင်စီ နဲ့ ပူးပေါင်းပါက မိသားစုလုံခြုံရေးကိုပါ တာဝန်မယူမှာ မဟုတ်ဖူးလို့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ် က ထုတ်ပြန်လိုက်ပါတယ်။

ပုလဲမြို့နယ်အတွင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာ၊ ရွာတွေဝင်ရောက်ပြီး တွေ့ကရာလူကို ပစ်သတ်တာ၊ ဖမ်းပြီး နှိပ်စက်တာ၊ နေအိမ်တွေထဲ ဝင်ရောက်ပြီး တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူဖျက်ဆီးတာတွေ လုပ်နေလို့ ရွာပေါင်း (၂၀) နီးပါးက ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်း ရှောင်နေရပါတယ်။