Spread the love

ရန်ကုန်၊ဇန်နဝါရီ(၂၂)

စစ်ကောင်စီအဖွဲ့တွေဟာ လေကြောင်း နဲ့ လက်နက်ကြီး ပစ်ကူရယူပြီး ကယားပြည်နယ် အတွင်းတိုက်ခိုက်ခဲ့ပေမယ့် အဲ့ဒီတိုက်ခိုက်မှုတွေဟာ အပြစ်မဲ့အရပ်သားတွေကို တိုက်ခိုက်တာမဟုတ်ဘူး လို့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန က ငြင်းဆိုလိုက်ပါတယ်။

အခု ဇန်နဝါရီလအတွင်းမှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကို အကြမ်းဖက်စစ်တပ် က လေယာဉ်တွေ အသုံးပြုတိုက်ခိုက်ခဲ့တာ နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန က အခုလိုငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ PDF အဖွဲ့တွေဟာ လူနေရပ်ကွက်တွေ အတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့တာ၊ ဘာသာရေးအဆောက်အအုံတွေ၊ အစိုးရပိုင် အဆောက်အဦးတွေကို တိုက်ခိုက်ခဲ့ပြီး ပြည်သူတွေကိုလည်း လူသားတံတိုင်းလို့ အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်တိုက်ခိုက်ခဲ့ရာမှာတော့ ပြည်သူတွေထိခိုက်မှုမရှိစေဖို့ အတတ်နိုင်ဆုံး ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သူတို့ရဲ့တိုက်ခိုက်မှုကြောင့် လွိုင်ကော်အကျည်းထောင် အဆောက်အဦးတချို့ နဲ့ အရပ်ဘက်အဆောက်အဦး တချို့သာ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတွေထိခိုက်တာ သေဆုံးတာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

စိစစ်အတည်မပြုနိုင်တဲ့ သတင်းအရင်းအမြစ်တွေ၊ အစိုးရကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေ ရရှိတဲ့သတင်းကို အခြေခံပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးရန် ရည်ရွယ်ချက် နဲ့နိုင်ငံတချို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းအချို့က စိးရိမ်ပူပန်တဲ့အကြောင်း သတင်းထုတ်ပြန်ခဲ့သေးတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကယားပြည်နယ်ထဲမှာ စစ်ကောင်စီတပ် နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တွေဟာ အခု ဇန်နဝါရီလ (၆) ရက်နေ့ကစတင်ပြီး နေရာတိုင်းနီးပါး တိုက်ပွဲတွေဖြစ်ပေါ်ခဲ့ပြီး လွိုင်ကော် နဲ့ ဒီးမော့ဆိုမြို့နယ် ဘက် ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ တင့်ကားတွေ နဲ့ ပစ်ခတ်ခဲ့သလို ရှားတောမြို့နယ် သံလွင်အရှေ့ဘက်ခြမ်းကိုလည်း တိုက်လေယာဉ် တွေနဲ့ လာရောက် ဗုံးကြဲခဲ့တယ်လို့ ကရင်နီကာကွယ်ရေး ဒုဝန်ကြီး ခူဒယ်နီယာ က သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

အခု ဇန်နဝါရီ (၁၂) ရက်၊ မနက်ပိုင်းမှာ လွိုင်ကော်ထောင် အနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်တွေကို ဒီးမော့ဆို PDF၊ KNDF နဲ့ GZ 21 ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က (၃) ဦး သေဆုံးပါတယ်။