Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၃)

တရားစီရင်ရေး၊ ဥပဒေအကြံပြု တွေအနေနဲ့ မှုခင်းကိစ္စတွေ ကို ဆောင်ရွက်ရာမှာ မှန်ကန်မြန်ဆန်မှုရှိစေဖို့ နဲ့ လုံခြုံစိတ်ချစွာဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

တရားစီရင်ရေးအတွက် တရားစီရင်ရေးဟာ မှန်ကန်မြန်ဆန်ပြီး ဥပဒေ နဲ့ အညီ လွတ်လပ်စွာ တရားစီရင်ရေး နဲ့ အဂတိလိုက်စားမှု ကင်းရှင်းရေးကလည်း အဓိကအရေးပါတယ်လို့ မနေ့က မန္တလေးတိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံး နဲ့ တရားလွှတ်တော်အဆောက်အဦဖွင့်ပွဲမှာ သူက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“တရားစီရင်ရာမှာ အမြန်ဆုံးတရားစီရင်ရေးဟာ အမှန်ဆုံးတရားစီရင်ရေးကို တိုက်ရိုက်အကျိုးပြုနိုင်တယ်။ တရားစီရင်ရေး နဲ့ ဥပဒေ ရေးရာကဏ္ဍ တွေက မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် နဲ့ မျှမျှတတ ဆောင်ရွက်ဖို့ လိုအပ်တယ်” လို့ သူက ပြောပါတယ်။

တရားစီရင်ရေး ကဏ္ဍမှာ မလိုအပ်ဘဲ ကြန့်ကြာနေတဲ့ တရားမမှုတွေ၊ ရာဇဝတ်မှုတွေ၊ အယူခံမှု၊ ပြင်ဆင်မှုတွေ ကို အချိန်တိုတိုအတွင်း မှန်ကန်မြန်ဆန်စွာ ပြီးမြောက်အောင်မြင်အောင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင် က တိုက်တွန်းပြောကြားခဲ့ပါတယ်။

စစ်မှန်ပြီး စည်းကမ်းပြည့်ဝ၊ တရားမျှတတဲ့ ဒီမိုကရေစီစနစ်ဖော်ဆောင်ရာမှာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ ကာကွယ်ဖို့၊ မြှင့်တင်ဖို့နဲ့ ဖြည့်ဆည်းပေးဖို့လိုအပ်ပြီး၊ ငြိမ်းချမ်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး အခြေခံ လူ့အခွင့်အရေးတွေ ရရှိခံစားနိုင်ဖို့လည်းလိုတယ်လို့ သူက ပြောပါတယ်။