ရန်ကုန်၊ ဇန်နဝါရီ (၂၄)
အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့ မိုင်းနင်းမိလို့ ကိုယ်ဝန်ဆောင်မိခင် နဲ့ (၆) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ပုလောမြို့နယ် ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပဝတ်ကျေးရွာ မှာ စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ မိုင်းကို မနေ့ ညနေပိုင်း က အိမ်ရှေ့မှာ နင်းမိပြီး ကိုယ်ဝန် (၆) လ ရှိတဲ့ မိခင်တစ်ဦး သေဆုံးခဲ့သလို သူမရဲ့ သားဖြစ်သူ (၆) နှစ် အရွယ် ကလေးငယ်တစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရှိခဲ့ပြီး မနေ့ ညပိုင်းမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
“အစွမ်းကုန်ယုတ်မာရက်စက်နေသော စစ်ခွေးများကြောင့် အပြစ်မဲ့ပြည်သူများ ထပ်မံ၍ အသက်မဆုံးရှုံးသင့်ဘဲ မဆုံးရှုံးရလေအောင် သတိကြီးကြီးနဲ့ သွားလာနေထိင်ကြရန်” ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) က မနေ့က သတိပေးပြောကြားထားပါတယ်။
မြေမြှုပ်မိုင်း နဲ့ ကြွင်းကျန်စစ်လက်နက်တွေ ပေါက်ကွဲခဲ့လို့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကလေးငယ် (၅၅) ဦး အပါအဝင် အရပ်သားပြည်သူ (၁၉၀) ကျော် သေကြေဒဏ်ရာရှိခဲ့တယ်လို့ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့ က သိရပါတယ်။
မြေမြှုပ်မိုင်းပေါက်ကွဲခဲ့လို့ ရှမ်းပြည်နယ် မှာ သေဆုံးသူ (၄၁) ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ် မှာ သေဆုံးသူ (၂၄) ရာခိုင်နှုန်း နဲ့ ကချင်ပြည်နယ် မှာ သေဆုံးသူ (၁၆) ရာခိုင်နှုန်း ဖြစ်ပွားခဲ့ပြီး အဲ့ဒီနေရာတွေက မိုင်းအန္တရာယ် အမြင့်မားဆုံးရှိနေတဲ့ နေရာတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။