Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၆)

စစ်ကောင်စီ က တစ်နှစ်လုံးလုံး ပြောစရာစကားမရှိလောက်အောင် ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို ဇွဲကြီးကြီးနဲ့ တွန်းလှန်ရင်း အာဏာရှင်စနစ်အမြစ်ပြတ်နိုင်ဖို့ ကြိုးစားရုန်းကန် နေကြတဲ့သူ တစ်ဦးချင်းစီကို လေးစားဂုဏ်ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြောပါတယ်။

“ကျွန်တော်တို့ တော်လှန်ရေးဟာ zero ကနေ စကြရတာဖြစ်ပြီး အခုအချိန်အထိလည်း နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေ သိသာထင်ရှားစွာ မရသေးပေမယ့် ပြည်တွင်းပြည်ပက ကျွန်တော်တို့ပြည်သူတွေရဲ့ စုပေါင်းအားနဲ့ သွားနေကြတာဖြစ်ကြောင်း၊ ဒီလိုသွားရင်းနဲ့ အောင်မြင်မှုဟာ မြင်နေရပြီမို့ ဆက်လက်ကြိုးပမ်းကြဖို့” လိုတယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့အစည်းအဝေး မှာ သူက အခုလိုပြောဆိုလိုက်ပါတယ်။

အကြမ်းဖက်စစ်အုပ်စု ကို ခုခံတွန်းလှန်ရင်း ကျဆုံးသွားရတဲ့ မြန်မာပြည်အရပ်ရပ်က သူရဲကောင်းတွေအတွက်လည်း အလွန်စိတ်ထိခိုက်ရသလို အပြစ်မဲ့ပြည်သူကိုပါမရှောင် နည်းမျိုးစုံ နဲ့ ဒုက္ခပေးနေကြတာတွေအတွက်လည်း ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ် လို့ သူကေ ပြောကြားခဲ့ပါတယ်။

တိုင်းပြည်အာဏာကို မတရားလုယူထားတဲ့ အကြမ်းဖက်သမားတွေက ထင်ရာစိုင်းနေတဲ့ ကာလဖြစ်တဲ့အတွက် စိတ်မချမ်းမြေ့စရာတွေ နေ့စဉ်လိုလို ကြားသိနေရတယ်လို့ သူက ပြောပါတယ်။

“ပြည်သူတွေ အတွက်လည်း ဒီတော်လှန်ရေးဟာ အတော်ပင်ပန်းဆင်းရဲ လှကြောင်း၊ ဒါပေမယ့် အရှိန်လျော့မသွားဘဲ ဆက်လက်တွန်းလှန်နေတဲ့ ပြည်သူတွေနဲ့အတူ အမြန်ဆုံး အောင်မြင်မှုတွေ ရရှိအောင် ပိုမိုအားကောင်းအောင်၊ အားဖြည့်ကြရင်း ကျနော်တို့ ရှေ့ဆက်သွားကြမှာ” ဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါသေးတယ်။

လာမယ့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ဟာ စစ်တပ်က မတရားအာဏာသိမ်းတာ တစ်နှစ်ပြည့်မယ့်နေ့ပဲ ဖြစ်ပါတယ်။