Spread the love

ရန်ကုန်၊ဇန်နဝါရီ(၂၆)

စစ်အာဏာသိမ်းတာ တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ(၁) ရက်နေ့ မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ပြသတဲ့အနေ နဲ့ ပြည်သူတွေပြုလုပ်ကြမယ့် Silence Strike (အသံတိတ်သပိတ်) မှာ ပါဝင်သူတွေကို စစ်ကောင်စီအဖွဲ့က သူတို့ထုတ်ပြန်ထားတဲ့ အမိန့် ကြေညာချက်အမျိုးမျိုး နဲ့ အရေးယူဆောင်ရွက်မယ်လို့ မြဝတီမြို့အတွင်း မနေ့ကညနေမှာ လိုက်လံကြေညာခဲ့တယ်လို့ သိရပါတယ်။

“မနေ့ကညနေပိုင်းမှာ ရပ်ကွက်တွေမှာ ကားနဲ့လိုက်အော်တယ်၊ NUG /CRPH/PDF တွေ ဟာ အကြမ်းဖက် အဖွဲ့အစည်းတွေဖြစ်လို့ အဲ့အဖွဲ့တွေ ကို ထောက်ခံပြီး အသံတိတိသပိတ်မှာ ပါဝင်တဲ့ဆိုင်တွေ ကို စည်ပင်ဥပဒေ နဲ့ ဆိုင်တွေကိုပိတ်မယ်၊ လူတွေဆိုရင် သူတို့ထုတ်ထားတဲ့ အမိန့်တွေ နဲ့ အရေးယူမယ်ဆိုပြီး လိုက်ကြေညာတယ်” လို့ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံတစ်ဦး က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လ နဲ့ ဒီဇင်ဘာလ တွေအတွင်းမှာ ပြည်သူတွေ ဆင်နွှဲခဲ့ကြတဲ့ အသံတိတ်သပိတ် တွေမှာ တစ်တိုင်းပြည်လုံး က ပါဝင်ခဲ့ပြီး တည်ငြိမ်းအေးချမ်းနေပြီလို့ အတွင်တွင်အော်နေတဲ့ စစ်အုပ်စုအတွက်တော့ ကြီးမားတဲ့လူထုတော်လှန်မှုဖြစ်ခဲ့တာပါ။

Photo-CJ

Silence Strike (အသံတိတ်သပိတ်) ပြုလုပ်ခြင်း၊ လက်ခုပ်တီး၊ သံပုံးတီးခြင်း အပြင် ကားဟွန်းတီးတဲ့ အသံထွက်သပိတ်တွေ ပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က၊ ပုဒ်မ ၅၀၅-က၊ အီလက်ထရော နစ်ဆက်သွယ် ဆောင်ရွက်ရေး ဥပ‌ဒေပုဒ်မ ၃၃ (က) အပြင် တခြား တည်ဆဲဥပဒေတွေ နဲ့ အရေးယူခံရနိုင်တယ်လို့ စစ်ကောင်စီဘက် က သတိပေးထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့ အခြေစိုက်တော်လှန်ရေးအင်အားစုတွေ ကလည်း ပြည်သူတွေအနေနဲ့ Silence Strike (အသံတိတ်သပိတ်) မှာပါဝင်ကြပြီး တော်လှန်စိတ် နဲ့ ဆက်လက်ချီတက်ကြ၊ မိစ္ဆာတပ်ယန္တရား ကို ဖြိုဖျက်ကြ၊ ဖက်ဒရယ် နဲ့ တည်ဆောက်ကြပြီး အာဏာဖီဆန် အုပ်ချုပ်မခံ မြိုပျက်သဏ္ဍာန်ဖော်ဆောင် ကြဖို့နှိုးဆော်ထားပါတယ်။