Spread the love

ရန်ကုန်၊ဇန်နဝါရီ(၂၉)

မြန်မာနိုင်ငံ မှာ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ဖို့ သဘာဝသယံဇာတ အရင်းအမြစ်တွေရှိနေပြီး မျိုးကောင်းမျိုးသန့်တွေ နဲ့ ထုတ်လုပ်မှုဆိုင်ရာ နည်းပညာတွေ ကို ပူးပေါင်းလိုက်မယ်ဆိုပါက နိုင်ငံတော်အစိုးရ ရဲ့ မူဝါဒရည်မှန်းချက်ဖြစ်တဲ့ စားရေရိက္ခာပေါများပြီး လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်လာမှာကို ယုံကြည်တယ်လို့ စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံလူဦးရေရဲ့ (၇၀) ရာခိုင်နှုန်း ဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကို လုပ်ကိုင်နေကြတဲ့အတွက် စိုက်ပျိုး မွေးမြူရေး ကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကို အဓိက ထား ဆောင်ရွက်ကြဖို့ အရေးကြီး” လို့ မနေ့က နေပြည်တော် မှာ ကျင်းပတဲ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မွေးမြူရေးတိရစ္ဆာန် ပြပွဲ၊ ပြိုင်ပွဲ မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုခဲ့တာဖြစ်ပါတယ်။

“စိုက်ပျိုးရေး ကို သာမက မွေးမြူရေးလုပ်ငန်းကိုပါ လုပ်ကိုင်နိုင်ရေး လိုအပ်တဲ့ သဘာဝသယံဇာတ အရင်းအမြစ်များရှိပြီး ဖြစ်တဲ့အတွက် မျိုးကောင်းမျိုးသန့်တွေ နဲ့ ထုတ်လုပ်မှုဆိုင်ရာ နည်းပညာတွေကို ပူးပေါင်းလိုက်မယ်ဆိုရင် နိုင်ငံတော်အစိုးရရဲ့ မူဝါဒရည်မှန်းချက်ဖြစ်တဲ့ စားရေရိက္ခာပေါများပြီး လူနေမှုဘဝဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုအဖြစ် မလွဲမသွေ‌ဖြစ်လာမယ်လို့ ယုံကြည်တယ်” လို့ သူက ပြောပါတယ်။

တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း နဲ့ မလေးရှားနိုင်ငံ တွေဟာ မြန်မာနိုင်ငံ ကနေ မွေးမြူရေး ထုတ်ကုန်ပစ္စည်းတွေ ကို တင်သွင်းနေတဲ့ နိုင်ငံတွေဖြစ်ပြီး အဲ့ဒီလို ပို့ဆောင်ရာ မှာ တရားဝင်မဝင် တင်ပို့ဆောင်ရွက်တာတွေ ရှိသလို စနစ်တကျ မွေးမြူ ရောင်းချတာမရှိတဲ့အတွက် နိုင်ငံတော်အနေ နဲ့ များစွာဆုံးရှုံးနစ်နာနေတယ်လို့ သူကပြောဆိုခဲ့ပါသေးတယ်။