ရန်ကုန်၊ ဇန်နဝါရီ (၂၉)
အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက နေပြည်တော် မှာ Silent Strike (အသံတိတ်သပိတ်) ပြုလုပ်ခြင်း၊ လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း စတာတွေ မပြုလုပ်ကြဖို့ လက်ကမ်းစာစောင်တွေ၊ အသံဖိုင်တွေ နဲ့ အသံချဲ့စက်တွေ ဖွင့်ပြီး လှည့်လည်သတိပေး၊ တားမြစ်တာတွေ ပြုလုပ်နေတယ်လို့ နေပြည်တော် ဒေသခံတွေ က ပြောပါတယ်။
CRPH၊ NUG၊ PDF နဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို မလိုလားတဲ့ အဖွဲ့အစည်းတွေ ကို အားထောက်ခံတဲ့ အနေနဲ့ ဈေးဆိုင်တွေ ပိတ်တာ၊ အစိုးရကို ဆန့်ကျင်တာတွေ ပြုလုပ်ပါက တည်ဆဲဥပဒေတွေ၊ နေပြည်တော်စည်ပင်သာယာရေး ဥပဒေ တွေအရ အရေးယူသွားမှာ ဖြစ်တယ်လို့ လိုက်လံအသိပေး ကြေငြာခြင်းတွေ လုပ်ဆောင်နေပါတယ်။
လာမယ့် ဖေဖော်ဝါရီလ (၁) ရက်နေ့ဟာ စစ်တပ်က အာဏာသိမ်းတာ တစ်နှစ်ပြည့်တဲ့နေ့ ဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေက အဲ့ဒီနေ့မှာ Silent Strike (အသံတိတ်သပိတ်) ပြုလုပ်ဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။