Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၉)

မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးပါတီတွေ အနေနဲ့ သွေးခင်းလမ်းက နိုင်ငံရေးပါတီတွေ လျှောက်ရမယ့် လမ်းမဟုတ်ဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး က သတိပေးပြောကြားလိုက်ပါတယ်။

နိုင်ငံရေး မှာ အနိုင်ရလိုမှုတစ်ခုထဲအတွက် အမှားပေါ် အမှားထပ်ပြီး အလုံးစုံပျက်စီးတာ ကို ရောက်တတ်တယ်ဆိုတာ မျက်ဝါးထင်ထင်တွေ့ကြပြီ ဖြစ်တယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းဒေသကြီးပါတီ ကော်မတီရွေးချယ်ပွဲ မှာ သူက အခုလို ပြောကြားခဲ့ပါတယ်။

“ဒီမိုကရေစီ နည်းလမ်းတကျလို့ ဆိုပြီး မဲပေးရွေးချယ်တိုင်းလည်း အလုံးစုံမှန်ကန် ကောင်းမွန် သင့်တော်တာ မဟုတ်ဘူး” လို့ သူက ပြောပါတယ်။

နိုင်ငံရေးပါတီတွေ အနေနဲ့ မိမိတို့လူ့အဖွဲ့အစည်းအကျိုး ကို ရှေးရှုတဲ့ ရွေးချယ်မှု ပြုနိုင်တဲ့ မဲပေးသူ၊ လုပ်နည်းစနစ်၊ စောင့်ထိန်းလိုက်နာမှု တွေကို ပြုစုပျိုးထောင်ဖို့ တာဝန်ရှိပြီး USDP ပါတီဝင်တွေ အနေနဲ့လည်း ရွတ်ဆိုခဲ့တဲ့ ကတိသစ္စာကို ထိန်းသိမ်းလိုက်နာကြဖို့ လိုအပ်တယ်လို့ သူက တိုက်တွန်းပြောကြားခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံ ရဲ့ အရေးပေါ်ကာလအခြေအနေ နဲ့ လိုက်လျောညီထွေဖြစ်တဲ့
ရွေးချယ်ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းတွေ နဲ့ အညီ အခက်အခဲအကျပ်အတည်းတွေ ကို ကြုံတွေနေရပေမယ့် ခိုင်မာတဲ့ စိတ်ဓါတ် မြဲမြံတဲ့ ယုံကြည်ချက်တွေ နဲ့ ရဲရင့်ပြတ်သားစွာ တာဝန်ထမ်းဆောင်ကြတဲ့ ပါတီတွင်း တာဝန်ရှိသူတွေ နဲ့ ပါတီဝင်တွေ ကို ချီးကျူးလေးစားမိတယ်လို့ သူက ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရဲ့ “မှန်ကန်သောမူဝါဒ နဲ့ တန်ဖိုးတွေ ကို မည်သို့သော အကြောင်းကြောင့်မျှ မညစ်နွမ်းစေသင့်(ဤအချက်သည် မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကျင့်သုံးခြင်းနှင့်မဆိုင်)” လို့ သူက သတိပေး ပြောကြားခဲ့ပါသေးတယ်။