Spread the love

ရန်ကုန်၊ဇန်နဝါရီ(၃၁)

စစ်တပ်ကအဓမ္မအာဏာသိမ်းပြီးနောက် ရန်ကုန်မြို့အတွင်းက မြို့နယ်တွေမှာ နေ့စဉ်နီးပါးဖြစ်ပေါ်နေတဲ့ လုယက်မှုတွေ ကို တားဆီးနှိမ်နှင်းနိုင်ဖို့ မြို့နယ်အလိုက် ကာကွယ်ရေးတပ်ဖွဲ့တွေဖွဲ့စည်းပြီး စတင်ဆောင်ရွက်နေတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ပြည်သူတွေဆီ က သိရပါတယ်။

“နေ့တိုင်းပဲ လိုင်းပေါ်မှာ တွေ့နေရတယ် ဘယ်လိုလုယက်ခံလိုက်ရတယ်၊ ဘယ်လောက်ပါသွားတယ်၊ ဒါတွေကိုဘယ်သူကမှတာဝန်ယူမဆောင်ရွက်ပေးနိုင်ဘူး၊ ပြည်သူ နဲ့ အနီးကပ်ဆုံးရှိခဲ့တဲ့ ရဲဆိုတာကလည်း အခုချိန်မှာ ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာ နေတဲ့ကောင်တွေဖြစ်နေတော့ ကိုယ့်မြို့ကိုယ့်ရွာကာကွယ်ဖို့အတွက် အခုလိုGroup လေးတွေဖွဲ့ပြီး စီစဉ်ဆောင်ရွက်ရတာ ဖြစ်တယ်” လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတစ်ဦး ကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရှားပါးလာသလို တရိပ်ရိပ်မြင့်တက်နေတဲ့ စားသောက်ကုန် စားရိတ်တွေကြောင့် ပြည်သူတွေအနေနဲ့ ခက်ခက်ခဲခဲ ရုန်းကန်နေကြရချိန်မှာ ဒုစရိုက်သမားတွေက အခွင့်ကောင်းယူ လုယက်တိုက်နေကြတာ ဖြစ်ပါတယ်။

“နိုင်ငံရေးမတည်ငြိမ်တဲ့ ကာလမှာ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုသလို ဗြောင်းကျကျ ဆိုးသွမ်းလာကြတယ် အဲ့ဒီအထဲမှာ ပြည်သူတွေဆီက ဆပ်ကြေးကောက်နေတဲ့ ကောင်တွေလည်းပါတယ် အဲ့လိုကောင်တွေကို သတိပေးချက် ထုတ်ပြန်နေမဲ့အစား ကျည်ဆံကပဲ အဆုံးဖြတ်ပေးသွားမယ်” လို့ လှိုင်သာယာမြို့နယ်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Gods Of Death (GOD) က သတိပေးစာထုတ်ပြန်ထားပါတယ်။

“မြောက်ဥက္ကလာမှာ လုပြေးနေတဲ့ ကောင်တွေကို ဝိုင်းဝန်းနှိမ်နှင်းဖို့ ရည်ရွယ်ချက်နဲ့ Group လေးတစ်ခု ဖွဲ့လိုက်တာပါ။ ဒီကောင်တွေကြောင့် နစ်နာသွားသူတွေအနေနဲ့ ဒီ Group ထဲမှာ မိမိတို့ အလုခံရတဲ့ ဖြစ်စဉ်၊ လုယက်သူတွေရဲ့ ပုံပန်းသဏ္ဍာန်၊ ဖမ်းဆီးဖို့ အထောက်အကူ ဖြစ်နိုင်မယ့် တခြားအချက်အလက်တွေ မျှဝေပေးကြစေချင်ပါတယ်” ဆိုတဲ့အကြောင်း မြောက်ဥက္ကလာမှ လုယက်သူများနှိမ်နှင်းရေး Facebook Group က သူတို့ရဲ့ Group မှာရေးသားထားပါတယ်။