Spread the love

ရန်ကုန်၊ဖေဖော်ဝါရီ(၁)

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် နဲ့ သာကေတမြို့နယ် အတွင်းမှာ ဒီနေ့နေ့လည်ပိုင်း နဲ့ ညနေပိုင်းတွေက ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ဒေသခံပြည်သူတွေဆီက သိရပါတယ်။

“(ည)ရပ်ကွက်၊ သုနန္ဒာလမ်း၊ မြစေတီဘုရားဝင်းရှေ့မှာ ပေါက်တာ၊ အခုညနေ(၄)နာရီကျော်လောက်ကဖြစ်တာ၊ လမ်းဘေးနားမှာပဲဖြစ်လို့ လူထိခိုက်မိတာမရှိဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့နေ့လည်ပိုင်းမှာဘဲ သာကေတမြို့နယ်၊ (၁၄) ရပ်ကွက်၊ ရှုခင်းသာလမ်းမှာရှိတဲ့ သာကေတ ကမ်းလွန်ရေနံ အခြေစိုက်စခန်းဝင်း အတွင်းမှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“နေ့လည်ပိုင်းလောက်က အဲ့စခန်းဝင်းထဲကို အပြင်ကနေ လက်ပစ်ဗုံးနဲ့ ပစ်သွားတာ၊ နေ့စားဝင်လုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်တော့ထိတယ်” လို့ သာကေတမြို့နယ် မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဒီနေ့နေ့လည်ပိုင်းမှာလည်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လှော်ကားလမ်း နဲ့ ချမ်းမြသာစည်လမ်းဆုံ မှာပေါက်ကွဲမှုဖြစ်ခဲ့လို့ လူတစ်ဦးထိခိုက်မိခဲ့သလို (၂၅) ရပ်ကွက်၊ စည်ပင်လမ်း နဲ့ သရက်ချောင်းလမ်းထောင့်ရှိတဲ့ ပြည်ခိုင်ဖြိုးရုံးရှေ့မှာလည်း မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံး ရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။